တိုင်းရင်းသား ပါတီတချို့ ရွေးကောက်ပွဲပြင်

တိုင်းရင်းသား ပါတီတချို့ ရွေးကောက်ပွဲပြင်
by -
ဖနိဒါ
ရွေးကောက်ပွဲ ဥပဒေထွက်လာပြီးနောက် တိုင်းရင်းသားအဖွဲ့အစည်းအချို့နှင့် နိုင်ငံရေးပါတီတချို့တို့ လာမည့် ဧပြီလဆန်းတွင် မှတ်ပုံတင်ရန်...

ရွေးကောက်ပွဲ ဥပဒေထွက်လာပြီးနောက် တိုင်းရင်းသားအဖွဲ့အစည်းအချို့နှင့် နိုင်ငံရေးပါတီတချို့တို့ လာမည့် ဧပြီလဆန်းတွင် မှတ်ပုံတင်ရန် ပြင်ဆင်နေကြသည်။

ပါတီဝင် ၁ဝဝ ကျော်ရှိနေပြီဖြစ်သော ကချင်တိုးတက်ရေးပါတီသည် ပါတီမှတ်ပုံတင်ရန် လာမည့် ဧပြီလဆန်းတွင်တင်ရန် ယခုလ ၁၉-၂ဝ ရက် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

“ပါတီမှတ်ပုံတင်ဖို့ ၁ဝ ရက် တပတ်အတွင်း ကြိုးစားမယ်။ ဧပြီလဆန်းပိုင်းဖြစ်မယ်။ ရေးတာပြုတာ ဥပဒေနဲ့ ကိုက်ညီအောင် ပြင်ဆင်နေပါတယ်” ဟု ပါတီဥက္ကဌ ဒေါက်တာတူးဂျာက မဇ္စျိမကို ပြောသည်။

တရားဝင်မှတ်ပုံတင်ပြီးပါက အဖွဲ့ဝင်အဖြစ် လက်ခံရန် အဆင်သင့်ဖြစ်သော ပါတီဝင်ပေါင်း ၃ ထောင်ကျော် ရှိနေပြီဟု သိရသည်။

ယင်းအစည်းအဝေးမှ ဥက္ကဌ ဒေါက်တာ တူးဂျာ၊ ဒုဥက္ကဌ (၁) ဦးခေါဘွမ်၊ ဒုဥက္ကဌ (၂) ဦးဆန်းခေါင် အတွင်းရေးမှူး ဦးတူးရော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးဇော်လတ် စသည်ဖြင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ၁၉ ဦး၊ ဗဟိုကော်မတီဝင် ၅၈ ဦး၊ အရံကော်မတီဝင် ၃၅ ဦးတို့အား ထပ်မံ အတည်ပြုခဲ့သည်။

မော်လမြိုင်အခြေစိုက် မွန်ဒီမိုကရေစီပါတီမှာမူ ပါတီမှတ်ပုံတင်ရေး၊ မတင်ရေးကို လာမည့် ဧပြီလ ဆန်းတွင် ဆုံးဖြတ်မှာဖြစ်သည်။

မွန်ဒီမိုကရေစီပါတီကို မွန်ပြည်သစ်ပါတီ NMSP ဗဟိုကော်မတီဝင်ဟောင်းများ၊ ဖျက်သိမ်းခံ မွန်အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ နိုင်ငွေသိန်း ပါဝင်သော ၁၅ ဦး စည်းရုံးရေးကော်မတီကို ပြီးခဲ့သည့် နှစ် ဇွန်လ ၂၉ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

“ကျနော်တို့ပါ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် ပါတီဝင်တွေက အဆင်သင့်ပါဘဲ။ ကျနော်တို့က ပြည်နယ် ကို ကိုယ်စားပြုတဲ့ပါတီဆိုတော့ အမျိုးသားရေးပါတီဆိုတော့ ပါတီအင်အားက ရှိပြီးသားပါ။ လူတွေက ၅ဝဝ တော့ မကဘူးပေါ့နော်” ဟု ပါတီပြောရေးဆိုခွင့်ရှိသူ နိုင်တင်အောင်က မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ၁၉၉ဝ ခု ရွေးကောက်ပွဲတွင် ဒုတိယ မဲအများဆုံးရသော ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD မှာ မူ ပါတီမှတ်ပုံတင်ရေးကိစ္စ ဆွေးနွေးနိုင်ရန် အကျဉ်းကျခံ ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးကို လွှတ်ပေးပါဟု စစ်အစိုးရထံ တောင်းဆိုထားသည်။

ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးအပါအဝင် ပါတီခေါင်းဆောင်များကို နိုင်ငံတော်ပုန်ကန်မှုဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ပြီး ဝေးလံခေါင်ဖျားသော ဒေသရှိ အကျဉ်းထောင်များသို့ ပို့ထားသည်။

စစ်အစိုးရဘက်ယိမ်းသော အမျိုသားနိုင်ငံရေး မဟာမိတ် အဖွဲ့ကလည်း လာမည့်ဧပြီလတွင် ပါတီမှတ်ပုံတင်ရန် အဆင်သင့်ပြင်ထားပြီး ပါတီဝင် ဦးရေ ၁ သိန်း ခန့်ရှိပြီဟု ပါတီသဘာပတိအဖွဲ့ဝင် ဦးဝင်းဇော်က ပြောသည်။

“မှတ်ပုံတင်ရေးကိစ္စအတွက်ကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်မှု ရှိနေပါပြီ။ ကျနော်တို့က ဧပြီလ ဆန်းမှာ တင်မှာပါ။ အင်အားအရရော၊ စည်းရုံးရေးနယ်မြေအရရော၊ မူဝါဒလုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်းတွေ အားလုံး အပြည့်အစုံ ဖြစ်နေပါပြီ” ဟု သူက မဇ္ဈိမကို ပြောသည်။

စစ်အစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် အနောက်နိုင်ငံများက မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် ပြုုလုပ်သော စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်သော လှုပ်ရှားမှုများကို ပူးတွဲလုပ်ဆောင်ခဲ့သော အင်အားစုများဖြစ်သည့် အမျိုးသားနိုင်ငံရေးလူငယ် ၊ တသီးပုဂ္ဂလ လွှတ်ကိုယ်စားလှယ်များနှင့် ညီလာခံကိုယ်စားလှယ်များ အဖွဲ့၊ နိုင်ငံရေးဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ်ကျောင်းတော်သားစု၊ မျိုးချစ်အမျိုးသားနိုင်ငံရေးအစည်းအရုံး၊ ငြိမ်းချမ်း ရေးနှင့် တိုးတက်ရေးအဖွဲ့ တို့ အမျိုးသားနိုင်ငံရေး မဟာမိတ်အဖွဲ့တွင် ပူးပေါင်းထားသည်ဟု ဦးဝင်းဇော်က ပြောသည်။

စစ်အစိုးရသည် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ” ကို ယခုလ၈ ရက်နေ့တွင် ပြဌာန်းခဲ့ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို ၁၇ ရက်နေ့တွင် ထပ်မံပြဌာန်းခဲ့သည်။ ယင်းနည်း ဥပဒေ ၃ အရ ပါတီအသစ်ထောင်လိုသူ အဖွဲ့ဝင် ၁၅ ဦးက ပါတီထောင်ခွင့်ပြုရန် ကော်မရှင်သို့ လျှောက်ထား ရမည်ဖြစ်သည်။ ပါတီတည်ထောင်ခွင့်ရပြီးချိန်မှစ၍ ရက်ပေါင်း ၃ဝ အတွင်း နိုင်ငံရေး ပါတီအဖြစ်မှတ်ပုံတင်ပေးရန် ထပ်မံလျှောက်ထားရမည်ဖြစ်သည်။

အခြားပါတီတခုဖြစ်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ (Peace & Diversity Party) ကလည်း မှတ်ပုံတင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။