အန္တရာယ်ရှိ အဆောက်အအုံဟု သတ်မှတ်ထားသည့် အဆောက်အအုံများတွင် နေထိုင်နေသူများအား သုံးရက်အတွင်း ပြောင်းရွှေ့ဖယ်ရှားရန် ရန်ကုန်စည်ပင်က အမိန့် ထုတ်ပြန်လိုက်သည်။
ရန်ကုန်မြို့တော်စည်ပင်၏ သတိပေးချက်က အနည်းဆုံး လက်ရှိ ”အန္တရာယ်ရှိ အဆောက်အအုံစာရင်း”ဝင် အဆောက်အအုံ ၄၀၀ ကျော်တွင် နေထိုင်သူများကို အကျုံးဝင်စေမှာဖြစ်သည်။ ထို့အပြင် စည်ပင်က နောက်ထပ်လည်း နှစ်ပေါင်း ၈ဝ ကျော်အထက် အဆောက်အအုံများကို စစ်ဆေးမှုများ လုပ်သွားရန် ပြင်ဆင်လျှက်ရှိသည်။
ရန်ကုန်စည်ပင်ပိုင် နယ်နမိတ်အတွင်းခုလုံးကို အကျုံးဝင်စေသော ကြေညာချက်ကို မတ်လ (၁၉)ရက်က မြို့နယ်အသီးသီး၌ စည်ပင်ဝန်ထမ်းများက လိုက်လံပြောကြားခဲ့ခြင်းဖြစ်ပြီး မတ်လ (၂၂)ရက်နေ့ နောက်ဆုံးထား၍ ဖယ်ရှားပေးရန် သတိပေးချက်ပါရှိသည်။
" သုံးရက်အတွင်း ပစ္စည်းကောလူကော အပြီးရွှေ့ရမယ်။ သုံးရက်ကျော်ရင် အရေးယူမယ်လို့ ပြောတယ်။ "ဟု လသာမြို့နယ်ရှိ အန္တရာယ်ရှိ အဆောက်အအုံတခုတွင် နေထိုင်သူတဦးက ဆိုသည်။
အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခံရသည့် မြို့လယ်ခေါင်ရှိ သုံးထပ်တိုက်တလုံး အကြီးစားပြင်ဆင်မှု ပြုလုပ်နေစဉ် ပြိုကျခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"အိမ်ကို ဒီဘီဆိုင်းဘုတ် (DB- Dangerous Building) လာတပ်တော့ အကြီးစားပြင်ဆင်မှုလုပ်ဖို့ စည်ပင်ကို စာတင်ထားတာ ခွင့်ပြုချက်ရထားပြီးပြီ။ အခု ဖယ်ပေးရမယ်ပြောတယ်။ သုံးရက်အတွင်း ပစ္စည်းအကုန် ပြောင်းပေးပါ။ ညစောင့်လည်း မထားပါနဲ့လို့ စည်ပင်က ပြောသွားတယ်။"ဟု စမ်းချောင်းမြို့နယ်နေသူ တဦးကဆိုသည်။
သို့သော်လည်း ဖယ်ရှားခြင်းမပြုလျှင် မည်သို့သော အရေးယူဆောင်ရွက်မှုပြုလုပ်မှာဖြစ်သည်ကိုမူ ထဲ့သွင်းပြောဆိုထားခြင်းမရှိပါ။