ဒေသခံ ရာဘာစိုက်ပျိုးလိုသူများ တပ်ပိုင်မြေကြောင့် တိုးချဲ့ စိုက်ပျိုးရန် အခက်အခဲ

ဒေသခံ ရာဘာစိုက်ပျိုးလိုသူများ တပ်ပိုင်မြေကြောင့် တိုးချဲ့ စိုက်ပျိုးရန် အခက်အခဲ
by -
တော်လဝီ
မွန်ပြည်နယ်အတွင်းမှာ နှစ်ရှည်ရာဘာပင်များ တိုးချဲ့စိုက်ပျိုးရန် စစ်တပ်မှ တပ်ပိုင်မြေအဖြစ် သတ်မှတ်ထားသောကြောင့် ရာဘာပင်တိုးချဲ့စိုက်ပျိုးရန် အခက်အခဲ...

မွန်ပြည်နယ်အတွင်းမှာ နှစ်ရှည်ရာဘာပင်များ တိုးချဲ့စိုက်ပျိုးရန် စစ်တပ်မှ တပ်ပိုင်မြေအဖြစ် သတ်မှတ်ထားသောကြောင့် ရာဘာပင်တိုးချဲ့စိုက်ပျိုးရန် အခက်အခဲ ဖြစ်နေကြသည်။

မွန်ပြည်နယ်အတွင်းရှိ သံဖြူဇရပ်၊ မုဒုံ၊ ရေး၊ သထုံမြို့နယ်တို့သည် ရာဘာအများဆုံးစိုက်ပျိုးရာဒေသဖြစ်ပြီး၊ ရာဘာစေးနှင့် ရာဘာသစ် (ရာဘာဝုဒ်) စျေးကောင်းရရှိလာနေခြင်းကြောင့်လည်း မြေလွတ်မြေရိုင်း ပေါများသည့် မြို့နယ်အတွင်းသို့ ဝင်ရောက် တိုးချဲ့စိုက်ပျိုးလာကြသည်။

“မုဒုံမြို့နယ်အတွင်းမှာ ရာဘာတိုးချဲ့စိုက်ပျိုးဖို့မြေသိပ်ရှားသွားပြီး၊ မြေလွတ်မြေလပ်လိုနေရာမျိုးကျတော့လည်း စစ်တပ်ပိုင်မြေလို့ ဆိုင်းဘုတ်တပ်ထားတယ်၊ တောင်ခြေအနီးတဝိုက်မှာလည်း တပ်ပိုင်မြေဆိုတဲ့ဆိုင်းဘုတ်တွေနဲ့ပဲဆိုတော့ စိုက်ဖို့နေရာမရှိတော့ဘူး၊ ဒါကြောင့် ကျိုက်မရောမြို့နယ်ဘက်ကို တိုးချဲ့ပြီးတော့ သွားစိုက်ကြတယ်” ဟု မုဒုံမြို့နယ် ညောင်ကုန်းရွာသားတစ်ဦးက ပြောသည်။

“ကျိုက်မရောမြို့နယ်နှင့် မုဒုံမြို့နယ်ကို တောင်ညိုတောင်တန်းက ခြားထားတယ်၊ တောင်ရဲ့အရှေ့ဘက်မှာ ကျိုက်မရောမြို့ရှိတယ်၊ အဲဒီမှာ နတ်စမ်းရွာကနေ ကျွန်းရွာအထိ မြေလွတ် မြေရိုင် ဧကပေါင်း (၃၀၀၀) လောက်ရှိတယ်၊ အဲဒါကို စစ်တပ်ကနေ ၁၉၈၈ နောက်ပိုင်းကနေ သိမ်းလိုက်တယ်၊ တပ်မြေဆိုတဲ့သဘောပေါ့၊ ရာဘာစိုက်ချင်သူတွေကို အနှစ် (၃၀) ဂရမ်စာချုပ်နဲ့ တစ်ဧကကို ၅၀၀၀ ကျပ်ကနေ ၂၀၀၀၀ အထိ ငွေပေးပြီးမှ စိုက်ခွင့်ရတယ်” ဟု ကျိုက်မရောမြို့ခံတစ်ဦးက ပြောသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလီနှင်း (၄) မိုင်အကွာမှာရှိသည့် အိုင်ရှည်ကွင်းမှာလည်း ရာဘာခြံဟောင်းအပါအဝင် မြေလွတ်မြေရိုင်းဧက (၃၀၀) ခန့်ကို လုံခြံုရေးအရဆိုပြီး တိုင်းဗဟို (၄) မှ သိမ်းယူလိုက်သည်။ ထိုမြေကွက်အတွင်း ရာဘာစိုက်ပျိုးလိုသူများအတွက် တစ်ဧကလျှင် (၂၀၀၀၀) မှ (၃၀၀၀၀) ကျပ်အထိ အနှစ် (၃၀) ဂရမ် စာချုပ်ဖြင့် စိုက်ခွင့်ရရှိမည်ဟု ထိုဒေသအတွင်း ရာဘာစိုက်ပျိုးနေသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးက ရာဘာစိုက်ပျိုးလိုသူတွေဟာ ရာဘာတိုးချဲ့ စိုက်ပျိုးလိုသော်လည်း မြေစာရင်းဦးစီးဌာနနှင့် နှစ်ရှည်ပင်ဌာနတို့မှ စိုက်ပျိုးခွင့်ပြုထားသည့် မြေနေရာကို တပ်မြေနှင့် လွတ်မလွတ် သေချာသိရန် နယ်မြေခံတပ်ရင်းသို့ သွားရောက်စုံစမ်းပြီးမှ စိုက်ပျိုးလို့ရကြောင်း၊ အထူးသဖြင့် ခလရ (၂၀၈)၊ ခလရ (၃၁) နှင့် အမြှောက်တပ် (၃၅၁၀)၊ (၃၁၇)၊ (၃၁၅) တို့၏ တပ်ပိုင်မြေအများဆုံးဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ရာဘာစိုက်ဧကပေါင်း (၄၀၇၄၃၂) ရှိပြီး၊ မြန်မာနိုင်ငံ ရာဘာစိုက်ဧက၏ (၄၂) ရာခိုင်နှုန်းရှိကာ ရာဘာစေး ထုတ်လုပ်မှု၏ (၆၀) ရာခိုင်နှုန်းသည်လည်း မွန်ပြည်နယ်မှ ထုတ်လုပ်ရရှိနေသည်ဟု စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Most read this week