နယ်ခြားစောင့် တပ်ကိစ္စနှင့် ပတ်သက်၍ ရတခတိုင်းမှူးနှင့် မွန်ပြည်သစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်အချို့ ပြီးခဲ့သည့်မတ်လ ၁၆ ရက်နေ့တွင် မော်လမြိုင်မြို့၌ တွေ့ဆုံခဲ့သည်ဟု ဆက်သွယ် မေးမြန်းချက်များအရ သိရသည်။
ထိုသို့တွေ့ဆုံကြပြီး ယခုအခါ မွန်ပြည်သစ်ခေါင်းဆောင်များ ဗဟိုဌာနချုပ်သို့ ပြန်လည်ရောက်ရှိနေကြောင်း အမည်မဖေါ်လိုသော မွန်ပြည်သစ်အရာရှိများနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
အဆိုပါ တွေ့ဆုံခဲ့သည့်အကြောင်းအရာများနှင့်ပတ်သက်၍ သတင်းဖေါ်ပြပေးရန် မွန်ပြည်သစ်ခေါင်းဆောင်များနှင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ထုတ်ဖေါ်ပြောဆိုရန် ငြင်းပယ်ကြသည်။
အနီးကပ်စောင့်ကြည့်သူများအဆိုအရ ရတခတိုင်းမှူးဗိုလ်ချုပ်သက်နိုင်ဝင်းမှ နောက်ဆုံးအကြိမ်ဖိအားပေးမှုတစ်ရပ် ဖြစ်လိမ့်မည်ဟု ယူဆနေကြသည်။
မွန်ပြည်သစ်ဥက္ကဌကြီးအပါအဝင် ထိပ်ပိုင်းခေါင်းဆောင် (၉) ဦးနှင့် ယခုရက်ပိုင်းတွင် တွေ့ဆုံလိုသည်ဟု ရတခတိုင်းမှူး စာရေးသားတောင်းဆိုခဲ့ကြောင်း ယခင်သတင်းတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။
သို့ရာတွင် မွန်ပြည်သစ်ဒုဥက္ကဌ နိုင်ရဿခေါင်းဆောင်၍ တွဲဖက်အတွင်းရေးမှူး နိုင်ချမ်းတွဲ့၊ ဗိုလ်ချုပ်ဇွဲယ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ထာဝရနှင့် နိုင်တလညီ တို့သာတက်ရောက်တွေ့ဆုံဖြစ်မည်ဟု အမည်မဖေါ်လိုသော မွန်ပြည်သစ်အရာရှိများ ပြောဆိုနေကြသည်။
အခြားထိပ်ပိုင်းခေါင်းဆောင်များဖြစ်ကြသည့် မွန်ပြည်သစ်ပါတီဥက္ကဌနိုင်ထောမွန်၊ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ရွှေသိန်းနှင့် နိုင်အောင်မင်းတို့ ယခုတွေ့ဆုံပွဲတွင် မပါဝင်ခဲ့ဟု ယူဆနိုင်ကြောင်း အကဲခတ်နေကြသည်။
အတည်မပြုနိုင်သောသတင်းအရ မွန်ပြည်သစ်ဗဟိုဌာနချုပ်မှ အရေးကြီးသောဌာနအချို့ နေရာပြောင်းရွေ့ရန် စီစဉ်နေသည်ဟု ဆိုပါသည်။
ဗဟိုကော်မတီဝင်အချို့အဆိုအရ မကြာမီရက်ပိုင်းတွင် မွန်ပြည်သစ်ပါတီမှ ဗဟိုကော်မတီအဝည်းအဝေးတစ်ရပ် ခေါ်ယူပြီး နအဖနယ်ခြားစောင့်တပ်ကိစ္စကို အပြီးသတ် အဆုံးအဖြတ်ပေးရပါလိမ့်မည်။
မွန်ပြည်သစ်ပါတီသည် နအဖ၏နယ်ခြားစောင့်တပ်အသွင်းပြောင်းလဲရေးကို လုံးဝလက်မခံကြောင်း အကြိမ်ကြိမ်ငြင်းဆိုနေဆဲဖြစ်သည်။
ယမန်နှစ် မတ်လဆန်းပိုင်းမှစတင်၍ မွန်ပြည်သစ်ပါတီအား နယ်ခြားစောင့်တပ်ပြောင်းလဲသွားရန် နအဖတို့အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။
၁၉၉၅ ခုနှစ် နဝတ/နအဖနှင့် မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များတွင် နယ်ခြားစောင့်တပ်ကိစ္စလုံးဝ မပါဝင်ခဲ့ပေ။