သစ်ခိုးထုတ်မှုတွင် ပြည်သူစစ်များ ပါ၀င်

သစ်ခိုးထုတ်မှုတွင် ပြည်သူစစ်များ ပါ၀င်
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ် မုံးပေါ်ကျေးရွာအုပ်စုမှ ဒေသခံ ပြည်သူ့စစ်များ သည် တရုတ်နယ်စပ်ဘက် သစ်ခိုးထုတ်သူများနှင့် ပတ်သက်မှုရှိကြောင်း ဒေသခံများကဆိုသည်။ ယခုနှစ်ဆန်းပိုင်းမှစ၍ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ တရုတ်နှစ်သစ်ကူးမတိုင်မီ အထိ ပန်ဆိုင်းမြို့အနီး...

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် - ပန်ဆိုင်းမြို့နယ် မုံးပေါ်ကျေးရွာအုပ်စုမှ ဒေသခံ ပြည်သူ့စစ်များ သည် တရုတ်နယ်စပ်ဘက် သစ်ခိုးထုတ်သူများနှင့် ပတ်သက်မှုရှိကြောင်း ဒေသခံများကဆိုသည်။ ယခုနှစ်ဆန်းပိုင်းမှစ၍ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ တရုတ်နှစ်သစ်ကူးမတိုင်မီ အထိ ပန်ဆိုင်းမြို့အနီး တရုတ်နယ်စပ် ၀မ်အင်ရွာသို့ ဒေသထွက်သစ်မာမျိုးစုံ သယ်ယူရာတွင် ပြည်သူ့စစ်များ ပါ၀င်ပတ်သက်ကြောင်း သိရသည်။

မုံးပေါ်ကျေးရွာအုပ်စုအတွင်းရှိ ဟိုမွေ့ ၊ လောင်းဆိုင် ၊ ကောင်လုံ ၊ မန့်ကောင် ၊ မန့်တီး နှင့် ဖူကောင် ရွာတစ်ဝိုက်မှ သစ်မာမျိုးစုံကို တရုတ်နှစ်သစ်ကူးမတိုင်မှီကာလအတွင်း တစ်ရက်လျှင် ကားအစီး ၂၀ ခန့် ပထမ အကြိမ်ထုတ်ယူ ခဲ့ကြောင်း သိရသည်။

“မုံးပေါ်ပြည်သူ့စစ်ခေါင်းဆောင် ကေမိုင် ၊ ဇော်လ တို့နဲ့ တရုတ်လောပန်းတွေ ညှိပြီးလုပ်ကြတယ် ပန်ဆိုင်းမြို့ နယ်ထဲမှာ ရှိတဲ့ ကျိန်းစမ်းကျော့လမ်းကနေထုတ်ပြီး တရုတ်ဘက် ၀မ်အင်ရွာကို ပို့တာပေါ့ တစ်ရက် တစ်ရက်ကိုကား ၁၀ စီးက နေ အစီး ၂၀ ၀န်းကျင်လောက်တော့ရှိတယ် သစ်အမျိုးကတော့ ဒေသထွက်သစ်အစုံပဲ ” ဟု ပန်ဆိုင်း ဒေသခံ တစ်ဦးက ပြောသည်။

တရုတ်နှစ်သစ်ကူးအပြီး တစ်လခန့်အကြာ မတ်လ ၁၁ ရက်နေ့တွင် ထိုဒေသမှသစ်များ နောက်ထပ်တစ်ကြိမ် သယ်ယူရန် အတွက် ဘိုဒိုဇာကား ၃ စီးဖြင့် လမ်းဖေါက်လုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“အခု မတ်လ ၁၁ ရက်နေ့မှာ သစ်ထုတ်ဖို့ ဘိုဒိုဇာ ကား ၃ စီးနဲ့ လောပန်းအဖွဲ့တွေ ထပ်တက်သွားတယ် မူလလမ်းကြောင်း တော့ လုပ်ပေးတယ်လို့ သိရတယ် သစ်လမ်းကြောင်း ဖေါက်ဖို့အတွက် ပြင်နေတယ် ” ဟု သူက ဆက်ပြောသည်။

သျှမ်းပြည် (မြောက်ပိုင်း ) ရွှေလီချိုင့်ဝှမ်းခွင်နှင့် မိုးမိတ် မဘိန်းမြို့နယ်များ အတွင်းရှိ သစ်တောများမှ ကျွန်း ၊ သတ်မလမ်း ၊ ပိတောက် စသည့် သစ်မာများလည်း တရုတ်နယ်စပ်သို့ တရားမဝင်သယ်ယူနေဆဲ ဖြစ်ကြောင်း သိရသည်။

Most read this week