ဇေတဝန် ကျောင်းအတွင်း တရားမဝင် ကျွန်းသစ်များ ဖမ်းဆီး

ဇေတဝန် ကျောင်းအတွင်း တရားမဝင် ကျွန်းသစ်များ ဖမ်းဆီး
by -
ကျော်ခ
ပဲခူးမြို့ ဥဿမြို့သစ်ရပ်၊ ဇေတဝန် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ တရားမဝင် ကျွန်းသစ်များအား ယနေ့မနက် ၂ နာရီ၌ ဖမ်းဆီးမိကြောင်း သက်ဆိုင်ရာ မြို့ခံအာဏာပိုင်များထံမှ...

ပဲခူးမြို့ ဥဿမြို့သစ်ရပ်၊ ဇေတဝန် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှ တရားမဝင် ကျွန်းသစ်များအား ယနေ့မနက် ၂ နာရီ၌ ဖမ်းဆီးမိကြောင်း သက်ဆိုင်ရာ မြို့ခံ အာဏာပိုင်များထံမှ သိရသည်။

ပဲခူး-ရန်ကုန် ကားလမ်းမကြီးဘေး ဥဿာမြို့သစ်ရပ်ကွက်ကြီး အမှတ် ၆ ရှိ “ဇေတဝန်ကျောင်း” အတွင်း၌ တရားမဝင်သစ်များ ရောက်နေကြောင်း “ရပ်ကွက် သတင်း ပေးချက်” အရ ပဲခူး အမှတ် ၃ ရဲစခန်း၊ သစ်တောရေးရာဦးစီးဌာန၊ မယကနှင့် ရယကတို့က ပူးပေါင်းဖမ်းဆီးခဲ့သည်ဟု သိရခြင်း ဖြစ်သည်။

“ကျောင်းဝင်းအတွင်းမှာပဲ ၁ဝ ဘီးကား ၂ စီး ဖမ်းလိုက်တယ်။ ဘယ်လောက်မိတယ်၊ တန်ချိန် ဘယ်လောက်ဆိုတာ။ အစီရင်ခံစာ ရောက်လာမှ အသေးစိတ် ပြောပြ နိုင်မယ်။ အခုရုံးကို ဘာတခုမှ ရောက်မလာသေးဘူး” ဟု ပဲခူးမြို့ သစ်တောရေးရာ ဦးစီးဌာန အရာရှိတဦးက မဇ္စျိမကို ပြောသည်။

ပဲခူး အမှတ် ၃ ရဲစခန်း တာဝန်ကျ ရဲအရာရှိတဦးကလည်း “မနက်တုန်းကတော့ ကျနော်တို့နဲ့ မယကနဲ့ သစ်တောလည်း ပါတယ်။ ဘုန်းကြီးကိုတော့ လောလော ဆယ်တော့ ဘာမှဆုံးဖြတ်လို့ မရသေးပါဘူး။ စခန်းမှူးကိုယ်တိုင် ဒီကိစ္စကို ကိုင်တွယ်နေတာ ဖြစ်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။

ဇေတဝန်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအိန္ဒာစက္ကသည် သစ်မှောင်ခိုအဖြစ် နာမည်ထွက်နေပြီး ပြီးခဲ့သည့်နှစ် သြဂုတ်လပိုင်းကလည်း နေပြည်တော်မှ အာဏာပိုင်များ ရောက်လာပြီး ယင်းကျောင်းဝင်းအတွင်း၌ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆရာတော်သည် အာဏာပိုင်များနှင့် နီးစပ်သူတဦးဖြစ်ပြီး ၂ဝဝ၇ ရွှေဝါရောင် ဆန္ဒပြသံဃာတော်များကို သံဃာအတုများဟု ဆိုကာ စစ်အစိုးရကို နှိမ်နင်းခွင့်ပြုခဲ့သူ ပဲခူး ကြခတ်ဝိုင်း ဆရာတော်၏ တူအရင်း တော်စပ်သည်ဟုလည်း ပဲခူးမြို့ခံများက ဆိုကြသည်။

ဆရာတော် ဘဒ္ဒန္တအိန္ဒာစက္က ကမူ တရားမဝင် သစ်လုပ်ငန်းလုပ်နေကြောင်း စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး “ကျောင်းက ပဲခူး-ရန်ကုန် ကားလမ်းဘေးဆိုတော့ ဒီမှာလာပြီး ကုန်တင်ကုန်ချလုပ်တာ။ ပန်းဆွဲတွေ၊ ပန်းပုတွေလုပ်ဖို့ သစ်တွေပါ။ ကားနှစ်စီး ဖင်ချင်းဆိုင်ပြီးတော့ တင်နေတာ။  တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေတော့ မှတ်တမ်းယူနေတယ်။ ဘုန်းကြီးကိုတော့ ဘာမှ မမေးပါဘူး”  ဟု မဇ္စျိမကို မိန့်ကြားသည်။

ဆရာတော်က ဇေတဝန်ဝန်းအတွင်း၌ ကျောင်းဆောင်များကို “နိုင်ငံတော်အကြီးအကဲ” များက လှူဒါန်းခြင်း၊ ကျောင်းတွင်လည်း လာရောက် တရားထိုင်လေ့ရှိခြင်း တို့အပေါ် ရပ်ကွက်သားတချို့က မကျေနပ်သဖြင့် တိုင်ကြားခြင်း ဖြစ်သည်ဟု မိန့်သည်။

ဥဿာမြို့သစ်ရပ်ကွက်ခံ တဦးကမူ ယခုသစ်ခိုးထုတ်မှုတွင် အာဏာပိုင်များ ပါဝင်ပတ်သက်နိုင်သည်ဟု  စွပ်စွဲပြောဆိုလိုက်သည်။

“ကားအစီးလိုက် ကျောင်းဝန်းထဲမှာ မိတာပဲ ဘယ်နှကြိမ် ရှိပြီလဲ။ ဒီသစ်တွေက ပဲခူးရိုးမဘက်က လာတာ။ ဒီလမ်းကြောင်းမှာလည်း သစ်တောအဖွဲ့နဲ့ အာဏာပိုင်တွေကို ဖြတ်လာတယ်ဆိုတာ စဉ်းစားကြည့်လေ။ အခုလည်း ရပ်ကွက်က စာနဲ့တမျိုး၊ ဖုန်းနဲ့တဖုံ တိုင်လို့ အခုလို လုပ်တာ” ဟု သူက ပြောသည်။

အခြားအရပ်သားတဦးကလည်း “ကျောင်းမှာက နိုင်ငံတော် အကြီးအကဲတွေ လာတယ်။ တရားထိုင်တယ်။ လှူတယ်ဆိုတဲ့ အရှိန်ရှိတယ်။ တော်ရုံရဲက ဖြုံတာပေါ့။ တချို့ ရဲတွေဆိုရင် သူက ဟောက်လွှတ်တာ။ အခုကိစ္စမှာ အထက်က အမိန့်ပါလို့ ဖြစ်မယ်” ဟု ပြောသည်။

ဆရာတော် ဘဒ္ဒန္တအိန္ဒာစက္က၏ ကျောင်းတွင် ယခင်နှစ် သြဂုတ်လ ၂၅ ရက်နေ့ကလည်း နေပြည်တော်တိုင်းမှ တာဝန်ရှိသူများ အပါအဝင် မြို့ခံရဲ၊ စရဖနှင့် သစ်တော ရေးရာ ဦးစီးဌာနတို့ ပူးပေါင်းဝင်ရောက်ရှာဖွေခြင်းများ ပြုလုပ်ခဲ့သေးသည်။ ဆရာတော်ကိုမူ တစုံတရာ အရေးယူခြင်း မရှိခဲ့ပေ။