တိုက်ပြိုကျ၊ ကျောင်းသူတဦး သေဆုံး

တိုက်ပြိုကျ၊ ကျောင်းသူတဦး သေဆုံး
by -
မျိုးသိဏ်း
ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်အတွင်း သုံးထပ်တိုက်တလုံး ယမန်နေ့ ညနေပိုင်းတွင် ပြိုကျခဲ့ရာ ၁၀ တန်းကျောင်းသူတဦး...

ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်အတွင်း သုံးထပ်တိုက်တလုံး ယမန်နေ့ ညနေပိုင်းတွင် ပြိုကျခဲ့ရာ ၁၀ တန်းကျောင်းသူတဦး ပိကျသေဆုံးခဲ့သည်။

ညနေ ၄ နာရီခွဲခန့်တွင် ပန်းဘဲတန်းမြို့နယ် အမှတ် ၆ ရပ်ကွက် ကုန်သည်လမ်းနှင့် လမ်း ၃ဝ ဒေါင့်ရှိ အိမ်အမှတ် ၆၂၈/၆၃၂ ၏ ၈ဝ ရာခိုင်နှုန်းခန့် ပြိုကျပျက်စီးမှုတွင် ၁၅ နှစ်အရွယ် ၁ဝ တန်းဖြေဆိုဆဲ ကျောင်းသူလေး သေဆုံးသွားခြင်း ဖြစ်သည်။

"ကျနော့်သမီး အထဲမှာ ပိတ်မိနေတယ်။ ပြိုကျကျပြီးချင်း သူ့ဟမ်းဖုန်းကိုဆက်တော့ ဖုန်းကိုင်သေးတယ်။ သူ့အသံ ကြားရတယ်။ ဖုန်းကျသွားလို့ တခါပြန်ခေါ်တော့လည်း ဖုန်းဝင်သွားတယ်။ အသံတော့ မကြားရတော့ဘူး" ဟု ဖခင်ဖြစ်သူက ယမန်နေ့ ညနေ ၆ နာရီ ၁ဝ မိနစ်ခန့်တွင် မဇ္စျိမကို ပြောပြသည်။

မြေညီထပ် လူနေခန်းတွင် နေထိုင်သည့် အမျိုးသမီးငယ်မှာ အပျက်အစီးများအောက်၌ ပိတ်မိနေခဲ့ပြီး ည ၉ နာရီအချိန်တွင် ကယ်ဆယ်ရေးအဖွဲ့ဝင်များက အပျက်အစီးပုံ အောက်မှ သူမအား ထုတ်ယူနိုင်ချိန်တွင် သေဆုံးပြီး ဖြစ်နေသည်ကို တွေ့ရှိကြရခြင်း ဖြစ်သည်။

"အထဲက အသံကြားရတယ်။ ကြောင်တကောင်လည်း အောက်မှာ ပိတ်မိနေတော့ ပထမ ကြောင်သံလိုလို၊ လူသံလိုလို မကွဲဘူး။ နောက်မှ လူအသံမှန်း သိတယ်။ အသက်ရှိနေဦးမယ်လို့ ထင်တယ်။ လုံခြံုရေးထက် ကလေးအသက်ကယ်ဖို့ ဦးစားပေးပြီး လုပ်နေပါတယ်" ဟု ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ အကြီးတန်း အရာရှိတဦးက ယမန်နေ့ ညနေ ၆ နာရီခွဲဝန်းကျင်တွင် ပြောသည်။

မန္တလေးအသင်း (ရန်ကုန်) ရုံးခန်းဖွင့်လှစ်ထားသည့် ပထမထပ်နှင့် ဒုတိယထပ်တို့တွင် အခင်းဖြစ်ပွားချိန်၌ လူမရှိဘဲ မြေညီထပ် လူနေခန်းတွင်သာ မိန်းကလေး တဦးတည်း ရှိနေခဲ့သည်။

ယင်းအဆောက်အအုံကို မြို့တော်စည်ပင်က အန္တရာယ်ရှိ အဆောက်အဦးအဖြစ် ကြေညာထားပြီး၊ အသစ်ပြန်လည်တည်ဆောက်ရန် ပြင်ဆင်မှုများ စတင်ခိုက် ယခုလို ပြိုကျခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားချိန်တွင် အဆိုပါ အဆောက်အအုံရှေ့ ကုန်သည်လမ်းပေါ်ရှိ လမ်း ၃၀ ဘတ်စ်ကား မှတ်တိုင်တွင် လူအများအပြား ရှိနေသော်လည်း ပြင်ပထိခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်း သိရသည်။

"မှတ်တိုင်မှာ လူတွေရော၊ ကားတွေရော ရှိတယ်။ တိုက်က ဖြည်းဖြည်းချင်း ပြိုကျတာ။ တိုက်ကိုဖျက်ဖို့ ကာထားတဲ့ ငြမ်းတွေနဲ့ ပိုက်တွေရှိလို့ မှတ်တိုင်ကလူတွေ မထိတာ။ ဝုန်း..ဝုန်းနဲ့ ပြိုလည်းပြီးရော တလမ်းလုံး ဖုန်မှုန့်တွေ ဖုံးသွားတယ်" ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် မျက်မြင်သက်သေတဦးက ဆိုသည်။

"တိုက်ကို ဖျက်တော့မှာမို့လို့ အားလုံး ပြောင်းနေကြတယ်။ အောက်ဆုံးထပ်အိမ်လည်း ပြောင်းနေရင်း တန်းလန်းကြီး အခုလို ဖြစ်သွားတာ။ ခါတိုင်းဆိုရင် မန္တလေး အသင်းမှာလည်း နယ်ကလူတွေ လာတည်းတာ အများကြီး ရှိတယ်" ဟု အနီးဝန်းကျင်တွင် နေထိုင်သူတဦးက ဆိုသည်။

အခင်းဖြစ်ချိန်တွင် တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မိန်းကလေးအား ကယ်တင်ရန် ကြိုးပမ်းခဲ့ကြသော်လည်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်မှုပိုင်းတွင် ကျွမ်းကျင်မှုနည်းခြင်းက  အချိန်ပိုမိုကြာမြင့်စေခဲ့ကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။

သတင်းလာယူသည့် ဂျာနယ်သတင်းထောက်တဦးက "စစ်ဒေသမှူးက ဖြစ်စဉ်ကို ကိုင်တယ်။ လုပ်တာတော့ အားတက်သရောပဲ။ ဒိုဇာ (မြေကော်စက်) တွေအပေါ်ထိ တက်ပြီး ပြောနေတာပဲ။ ဒါပေမဲ့ တိုက်ပြိုရင် ဘယ်လိုကယ်ရတယ်၊ အပျက်အစီးတွေကို ဘယ်လိုဖယ်ရတယ်ဆိုတာ မကျွမ်းကျင်ဘူး။ ကယ်ဆယ်ရေးလုပ်တဲ့ နည်းတွေ၊ ကိရိယာတွေနဲ့ ကျွမ်းကျင်သူတွေ မရှိဘူး။ ကလေးက ဘယ်အချိန်ကတည်းက သေတယ်ဆိုတာ မသိပေမယ့် အချိန်တွေအရမ်းကြာသွားတာတော့ မကောင်းဘူး" ဟု သုံးသပ်ပြောကြားခဲ့သည်။

ညနေ ၆ နာရီခွဲကျော်အထိ အပျက်အစီးများကို လူအားနှင့် ကားတင်ဝန်ချီစက်များဖြင့် အသုံးပြုဖယ်ရှားခဲ့ပြီး ည ၆ နာရီ ၄၅ မိနစ်အချိန်တွင် မြေထိုးစက်များ၊ မြေကော် စက်များ ရောက်ရှိလာခဲ့ရာ အခင်းဖြစ်ချိန်မှ ၂ နာရီခွဲခန့် ကြာမြင့်သည့် ည ရ နာရီခန့်တွင် အပျက်အစီးများကို စတင်ဖယ်ရှားခဲ့သည်။

ည ရ နာရီ ၂ဝ မိနစ်တွင် အဆောက်အဦ၏ အစိတ်အပိုင်းအချို့ ထပ်မံပြိုကျခဲ့သဖြင့် ကယ်ဆယ်ရေး လုပ်ဆောင်နေသူအချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဦးခေါင်းနှင့် ကိုယ်ခန္ဓာထိခိုက်ဒဏ်ရာရသူ ၆ ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးလိုက်ရသည်။

ယမန်နေ့ည ၁၁ နာရီခန့်ကလည်း တိုက်အပျက်အစီးများအတွင်း ပိကျသေဆုံးနေသည့် အမျိုးသမီးတဦး တွေ့ရှိခဲ့ရကြောင်း သတင်းများ ပေါ်ထွက်နေသည်။