ဝန်ကြီးချုပ် သံသယရှိသည့် မူစယ်က နွားခြံ

ဝန်ကြီးချုပ် သံသယရှိသည့် မူစယ်က နွားခြံ
နအဖဝန်ကြီးချုပ် ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်၏ မတ်လ ၉ ရက် သျှမ်းပြည် (မြောက်ပိုင်း ) မူဆယ်မြို့ ခရီးစဉ်အတွင်း များလွန်းလှသည့် နွားများအား ရဟတ်ယာဉ်ပေါ်မှ ဆီးမြင်ပြီးနောက် အဆိုပါ နွားခြံအား စုံစမ်းရန် ရဲ တပ်ဖွဲ့ထံညွန်ကြား...

နအဖဝန်ကြီးချုပ် ဒု ဗိုလ်ချုပ်ကြီး သိန်းစိန်၏ မတ်လ ၉ ရက် သျှမ်းပြည် (မြောက်ပိုင်း ) မူဆယ်မြို့ ခရီးစဉ်အတွင်း များလွန်းလှသည့် နွားများအား ရဟတ်ယာဉ်ပေါ်မှ ဆီးမြင်ပြီးနောက် အဆိုပါ နွားခြံအား စုံစမ်းရန် ရဲ တပ်ဖွဲ့ထံညွန်ကြား ထားကြောင်း သိရသည်။ မူဆယ်မြို့ မန့်ဝိန်းရပ်ကွက်မှ နွားအကောင်ရေ ၃ဝဝ ကျော်ခန့် ရှိသည့် နွားခြံတစ်ခြံအား မူစယ်မြို့သို့ ရဟတ်ယာဉ် ဆင်းသက်စဉ် ဝန်ကြီးချုပ်က လှမ်းမြင်ရခြင်းဖြစ်ပြီး တရားဝင်လုပ်ငန်း ဟုတ်မဟုတ် သိလိုကြောင်း စုံစမ်းခိုင်းခြင်း ဖြစ်သည်ဟု  မူစယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အဆိုပါ နွားများမှာ ယခင် ဦးမထုနော် ဦးဆောင်သည့် ကေဒီအေ (ကချင်ကာကွယ်ရေးနှင့်တပ်ဖွဲ့) အဖွဲ့မှ စီးပွားရေး တာဝန်ခံ ဗိုလ်မှူးအောင်ရင် ဆိုသူ ပိုင်ကြောင်း သိရသည်။

“ရဟတ်ယာဉ်ဆင်းတဲ့အခါ နွားတွေအများကြီး မြင်လိုက်ရတာပေါ့ မန်ဝိန်းရပ်ကွက် စွမ်စော်ကျေးရွာလို့ ခေါ်တယ်၊ နွားတွေကများလွန်းတော့ တရားဝင်ဟုတ်မဟုတ် ဆိုပြီး မူဆယ်ရဲကိုစုံစမ်းခိုင်းထားတယ်၊ ရဲကဘယ်လိုပြန်ပြီး အစီရင်ခံမလဲတော့မသိဘူး၊ စည်ပင်သားသတ်လိုင်စင်အရ တင်ပြတာမျိုးဖြစ်မှာပေါ့  ” ဟု သူက ဆိုသည်။

၀န်ကြီးချုပ်၏ ခရီးစဉ်သည် ယခုနွားခြံ စုံစမ်းရေးနှင့်မသက်ဆိုင်သော်လည်း တရုတ်နယ်စပ်ဘက် မှောင်ခိုသွင်း သည့် နွားအများအပြားရှိနေခြင်းအပေါ် သံသယဖြစ်ဖွယ်ရှိကြောင်း ဆိုသည်။

မူစယ်မြို့တွင် စည်ပင်သားသတ်လိုင်စင်ဖြင့် တစ်ရက်လျှင် နွား ၅ ကောင်ခန့် အမဲဖေါ်ရကြောင်း သိရသည်။