ထိုင်း-မြန်မာနယ်စပ်၊ မယ်ဟောင်ဆောင်မြို့မှ ၂၆ ကီလိုမီတာအကွာရှိ ကရင်နီ ဒုက္ခသည် အမှတ် (၁) စခန်း၊ အထက်တန်းကျောင်းတွင် ကျောင်းဆရာ၊ မ နှင့် သင်ထောက်ကူပစ္စည်းများ လုံလောက်မှုမရှိသည့်အတွက် ကျောင်းသူ၊ သားများ ပညာသင်ကြားရန် အခက်အခဲရှိနေသည်။
စခန်းအတွင်းရှိ တောင်ကုန်းပေါ်တွင် ကွေးကောက်သောမီးရထားတစင်းပမာ ရှည်လျားသော အ.ထ.က ကျောင်း၏ အဆောက်အဦးကို မနီးမဝေးကပင် တွေ့မြင်ရမည်ဖြစ်သည်။ လက်ရှိ ထိုကျောင်းတွင် ကျောင်းသူ၊ သား စုစုပေါင်း ၄၀၀ ခန် ့ပညာသင်ကြားနေသည်။
စာသင်ကြားပို့ချပေးနေသည့် ကျောင်းဆရာ၊ မ စုစုပေါင်း ၂၀ ဦးတွင် ၆ ဦးမှာ စခန်းအခြေစိုက်အဖွဲ့အစည်း (CBO) မှ စေတနာ့ဝန်ထမ်း များဖြစ်ကာ အချိန်ပိုင်းဖြင့် လာရောက်သင်ကြားပေးနေသည်။
ကျောင်းသူ၊ သား အရေအတွက်နှင် ဆရာ၊ မ ဦးရေ ညီမျှမှု မရှိသည့်အပြင် ကျောင်းသုံး သင်ထောက်ကူပစ္စည်းများဖြစ်သည့် ကျောင်းသုံးဖတ်စာအုပ်များ လုံလောက်စွာ မရရှိကြပေ။
ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ (KSWDC) ဋ္ဌာနမှ ပညာသင်ကြားပို့ချပေး နေသူ ဆရာဘူးရယ်က “ကိုယ်ညဏ်ရှိသလောက်၊ တတ်စွမ်းသလောက် သင်ပေးချင်ပေမယ့် ဖတ်စာအုပ် မလုံလောက်ဘူး၊ စာသင်ကြားမှုကို နှောင့်နှေးစေပါတယ်” ဟု မှတ်ချက်ချ ပြောဆိုသည်။
ဆရာက “တကျောင်းလုံးမှာ အင်္ဂလိပ် ဂရမ်မာ ပုံနှိပ်စာအုပ်က ၆ အုပ်ပဲရှိပြီးတော့၊ သမိုင်းစာအုပ်က ဆရာလက်ကိုင်တစ်အုပ်ပဲ ရှိတယ်” ဟု စိတ်ပျက်သည့် လေသံဖြင့် ပြောဆိုလိုက်သည်။
၁၀ တန်းကျောင်းသူ ဆိုဒဲမြာကလည်း “ဖတ်စာအုပ်တွေကို တခုံ နှစ်အုပ် မျှပြီးကြည့်ရတယ်။ ဒါပေမယ့် အရမ်းနည်းတဲ့ ဖတ်စာအုပ်တွေကျတော့ တချို့မကြည့်ရဘူး။ ဒါကြောင့် စာသင်ရတာ အားမရဘူး” ဟု ဖြည်းညှင်းသည့် လေသံဖြင့် ဆိုသည်။
လက်ရှိကျောင်းသုံး သင်ရိုးညွှန်းတမ်းများတွင် ကရင်နီသမိုင်းမှ လွဲ၍ ကျန်သည့် ကမ္ဘာ့သမိုင်း၊ သချာင်္၊ သိပ္ပံ၊ ပထဝီ စသည့် ပုံနှိပ် ဖတ်စာအုပ်များကို သြစတေးလျနှင့် ယူကေ နိုင်ငံတို့က သင်ရိုးညွှန်းတန်းများကို အသုံးပြုများကြောင်း သိရသည်။
ကျောင်းသုံးပုံနှိပ်စာအုပ် လုံလောက်မှုမရှိသည့်အတွက် ကျောင်းတက်ချိန် ကျောင်းသူ၊ သား များ မျှဝေကြည့်နေကြသည့် ဖတ်စာအုပ်များကို ကျောင်းချိန်ပြီးစီးပါက ပြန်လည်သိမ်းဆည်းရသည်။
ယနေ့ထိတိုင် အ.ထ.က ကျောင်းသူ၊ သားတဦးစီတွင် ကရင်နီသမိုင်း ဖတ်စာအုပ်မှလွဲ၍ ကျန်သည့် ကျောင်းသုံးဖတ်စာအုပ်များ ပိုင်ဆိုင်နိုင်ခြင်း မရှိသေးပေ။ ဖတ်စာအုပ်များကို မိတ္တုကူး ပွားရန်ပင် ငွေကြေးလုံလောက်မှု မရှိကြောင်း စခန်းက ကျောင်းဆရာများက ဆိုသည်။
ဒုက္ခသည်စခန်းရှိ ကျောင်းသား မိဘအများစုသည် မိရိုးဖလာ တောင်သူလုပ်ကိုင်သူများဖြစ်ပြီး၊ စာတတ်မြောက်မှု မရှိပေ။ သို့သော် မိဘများအနေဖြင့် ၎င်းတို့ သားသမီးများ၏ အနာဂတ် ပညာရေးကိုမူ စိုးရိမ်ကြကြောင်း မိဘများက ဆိုသည်။
“ကျောင်းမှာဆရာ၊ မ မလုံလောက်၊ ဖတ်စာအုပ်တွေမလုံလောက်တော့ သူတို့တွေ ပညာရေးအတွက် စိုးရိမ်မိတယ်” ဟု အထက ကျောင်းသူ ၂ ဦး၏ မိခင် ကလောမယ်က ပြောသည်။
သူမက ဆက်၍ပြောဆိုရာတွင် “သူတို့တွေ စာပုံမှန်ကြည့်တာတော့ တွေ့နေရပါတယ်။ ဒါပေမယ့် သူတို့မှာ ကျောင်းဆရာ၊ မ မလောက်၊ ဖတ်စာအုပ်ရော မလုံလောက်တော့သူတို့ ဘယ်လို စာဖတ်မလည်း ဆိုတာတွေးမိတယ်။ ဆရာမတွေလုံလုံလောက်လောက် မရှိပေမယ့် စာတတ်ဖို ့ပညာတတ်ဖို့ ကြိုးစာပါလို ့အမြဲတမ်း တိုက်တွန်းအားပေးတယ်” ဟု ပြောပါသည်။
ကရင်နီ ဒုက္ခသည်စခန်း အမှတ် (၁) တွင် လူဦးရေ စုစုပေါင်း ၁၄၇၁၉ ရှိသည်။
ကျောင်းဆရာ၊ မများ လုံလောက်ခြင်းမရှိသည့်အတွက် ကျောင်းစတင်ဖွင့်လစ်ချိန်တွင်မူ စာသင်ခန်း ၁၅ ခန်းတွင် ၁၁ ခန်းကိုသာ အသုံးပြုနေရပြီး တခန်းတွင် ကျောင်းသား၊ သူ စုစုပေါင်း ၃၀ ဦးခန့် ရှိသည်။ စာသင်ခုံတန်း တခုတွင် ကျောင်းသူ၊ သား ၃ ဦး ထိုင်ကြသည်။
အသက် ၁၇ နှစ်အရွယ်ရှိ နေထူးဆိုသည့် ကျောင်းသားတစ်ဦးက "တခုံမှာ ၃ ယောက် ထိုင်ရတော့ စာရေးတဲ့ အချိန်စိတ်ထဲမှာ မလွတ်လပ်တာမျိုး၊ ကျဉ်းကျပ်တာမျိုးခံစားရ တယ်" ဟု ပြောပါသည်။
၂၀၀၂ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့သည့် ထိုအထက်တန်းကျောင်းဆောင်ကို ၀ါးကပ်နှင့် ဖက်မိုးတို့ဖြင့် ဆောက်လုပ်ထားပြီး၊ တိုင်များမှာ ဆွေးမြေ့နေပြီဖြစ်သည်။
စာသင်ခန်းမှ ကျောင်းခေါင်မိုးကိုမော့ကြည့်လိုက်ပါက ကောင်းကင်ကို အတိုင်းသား ထင်ရှားစွာတွေ့မြင်နိုင်သည့်အပြင် စာသင်ခန်းတခုနှင့် တခုအကြား ပိုင်းခြားထားသည့် ၀ါးကပ်ဖြင့်ပြုလုပ်ထားသည့် နံကပ်သည်လည်း ယိုယွင်းပျက်စီးကာ တဖက်ခန်းကို အထင်းသား မြင်တွေ့နိုင်သည်။
လက်ရှိကျောင်းတွင် အသုံးပြုနေသည့် ကွန်ပြူတာ၊ သောက်ရေတင်သည့် ရေစုပ်စက် တို့မှာလည်း ပျက်စီးနေသဖြင့် အသုံးပြု၍ မရပေ။
လာမည့် ၂၀၁၀ ခုနှစ်၊ ဇွန်လ ပညာသင်နှစ်မတိုင်မီ ပျက်စီးယိုယွင်းနေသည့် ကျောင်းဆောင်ကို ပြန်လည်မွန်းမံ ဆောက်လုပ်သွားရန် ထိုင်း-မြန်မာ နယ်စပ်ပူးပေါင်းအဖွဲ့ (TBBC) မှ လိုအပ်သည့် ၀ါးလုံးများ ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း စခန်း ကျောင်းအုပ်ကဆိုသည်။
ကျောင်းအမိုးအတွက် လိုအပ်သည့် အင်ဖက်ရွက်များကိုမူ ကျောင်းသူ၊ ကျောင်းသား တဦးလျှင် ဖက်ရွက် ၁၀ ချပ် သို့မဟုတ် ထိုင်းဘတ်ငွေ ၂၀ အသီးသီး ကောက်ခံသွားမည်ဖြစ်ကြောင်း အထက်တန်း ကျောင်းအုပ်ဖြစ်သူ အသက် ၂၃ နှစ်အရွယ်၊ ကေးရယ်၊ က ယခုလို နိုင်ငံတကာ မြန်မာသတင်း (BNI) ကိုပြောသည်။
“လာမယ့်နှစ်မှာ ကျောင်းအဆောက်အဦး၊ ဖတ်စာ စာအုပ်တွေ ပိုပြီး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျောင်းဆရာ၊ မ လုံလောက်ဖို့တော့ မမျှော်လင့်ရဲဘူး” ဟု ပြောသည်။
နိုင်ငံတကာ ကာသိုလ်လစ် ခရစ်ယာန်ဘာသာ အဖွဲ့အစည်းတခုဖြစ်သည့် JRS ခေါ် ဂျေဆု ဒုက္ခသည် အကူအညီပေးရေး အဖွဲ့သည် ကရင်နီပညာရေးဋ္ဌာနနှင့် လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်မှစတင်ကာ ပူးတွဲလုပ်ဆောင်ခဲ့ကြသည်။ JRS အဖွဲ့သည် ဆရာဖြစ်သင်တန်း၊ ပထမတန်းနှင့် ဒုတိယတန်း၊ အထူးပညာရေး စသည်တို့အပြင် စီမံခန့်ခွဲရေးနှင့် စွမ်းအင်မြှင့်တင်ရေးတို့ကို လုပ်ဆောင်သည်။
စခန်းအတွင်း ကျောင်းဆရာ၊ မ လုံလောက်မှုမရှိခြင်း၏ အဓိကအချက်သည် အရည်အချင်းပြည့်မီသည့် ဆရာ၊ ဆရာမများ တတိယနိုင်ငံကို ထွက်ခွာသွားခြင်းနှင့် အခြားလုပ်အားခများနှင့် နှိုင်းယှဉ်ပါက လစာနည်းပါးခြင်းတို့ကြောင့် ဖြစ်သည်ဟု စခန်းရှိ ဆရာတချို့က ပြောသည်။
စခန်းတွင် ပညာသင်ကြားပေးနေသည့် ကျောင်းဆရာ၊ မ လုပ်အားခမှာ တလတွင် ထိုင်းဘတ် ၉၆၀ မှ ၁၁၀၀ ဘတ်သာ ရကြသည်။ သို့သော် လစာကွာခြားချက်သည် လုပ်သက်အပေါ်နှင့် တတ်မြောက်ထားသည့် ဘာသာရပ်တွင်လည်း မူတည်ကြောင်း ကျောင်းအုပ်ဆရာက ပြောသည်။
သို့သော် ကရင်နီစခန်းရှိ အထက်တန်းလွန် ကျောင်းများဖြစ်သည့် ၀ိဇ္ဇာနှင့် သိပ္ပံ ဘာသာရပ်နှင့် ကျောင်းပြီးသောသူများသည် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးဗဟို ဘာသာရပ် တတ်မြောက်ထားသူများထက် အခကြေးငွေ အနည်းငယ်ပိုမိုရရှိကြောင်း သိရသည်။
“မိသားစု ၀င်ငွေမရှိလို့ စာကြည့်ဖို့ ဖယောင်းတိုင် မဝယ်နိုင်တဲ့ ကလေးတွေကတော့ သိသိသာသာ စာမလိုက်နိုင်ကြဘူး” ဟု ကျောင်းအုပ်ဆရာက သူ၏ထင်မြင်ချက်ကို ပြောသည်။
ထို့ကြောင့် ကျောင်းစာမလိုက်နိုင်သည့် ကျောင်းသူ၊ သား အချို့သည် ကျောင်းထွက်ကာ၊ စောစီးစွာ အိမ်ထောင်ပြုခြင်း၊ မိသားစု စားဝတ်နေရေးအတွက် စခန်းပြင်ထွက်၍ အလုပ်လုပ်ကိုင်ကြသည်။
ယခင်ကျောင်းဖွင့်ချိန်က အထက်တန်းကျောင်း ကျောင်းလက်ခံစာရင်းတွင် ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၈၀၀ ခန့်ရှိရာမှ လက်ရှိတွင် ထက်ဝက်သာ ကျန်ရှိတော့သည်။
သို့သော် နဝမတန်းတွင် ပညာသင်ကြားနေသူ ရဲလင်းကမူ “ဇွန်လ ကျောင်းပြန်တက်တဲ့အခါကျရင် ကျောင်းဆရာ၊ မ လုံလုံလောက်လောက်နဲ့ ပညာသင်ချင်ပါတယ်ခင်ဗျာ” ဟု မျှော်လင့်ချက် ရှိသည့် လေသံဖြင့်ဆိုသည်။