စခန်းတွင်း နေထိုင်သူများက အမျိုးသားတဦး သေဆုံးရမှုအပေါ် မေးခွန်း ထုတ်နေကြ

စခန်းတွင်း နေထိုင်သူများက အမျိုးသားတဦး သေဆုံးရမှုအပေါ် မေးခွန်း ထုတ်နေကြ
by -
မာမာကျော်ဇော
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အနီးရှိ အုန်းဖျံ ဒုက္ခသည်စခန်းတွင်း နေထိုင်သူများက အသက် ၆၃ နှစ်အရွယ်၊ အမျိုးသားတဦး စခန်းရှိလုံခြံုရေး တာဝန်ရှိသူများနှင့် စကားများပြီး တရက်အကြာ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ ့တွင် ရုတ်တရက် သေဆုံးသွားသည့်အပေါ်...

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အနီးရှိ အုန်းဖျံ ဒုက္ခသည်စခန်းတွင်း နေထိုင်သူများက အသက် ၆၃ နှစ်အရွယ်၊ အမျိုးသားတဦး စခန်းရှိလုံခြံုရေး တာဝန်ရှိသူများနှင့် စကားများပြီး တရက်အကြာ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ ့တွင် ရုတ်တရက် သေဆုံးသွားသည့်အပေါ် မေးခွန်း ထုတ်နေကြသည်။

ဦးထွန်းကြိုင်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒုက္ခသည်အဖြစ် အသိမှတ်ပြုလက်မှတ် ကိုင်ဆောင်ထားသူ တဦးဖြစ်ပြီး၊ ဒုက္ခသည်စခန်းတွင် ၁၀ နှစ်ကျော်ကြာ နေထိုင်နေသူ လည်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က၊ လင်မယားချင်း စကားများ ရန်ဖြစ်ရာမှ အိမ်တံစက်မြိတ်ကို မီးရှို့ရန်ကြိုးစားစဉ် စခန်းရှိ လုံခြံုရေးဝန်ထမ်း ဦးမျိုးလွင်နှင့် အခြားတာဝန်ရှိသူ သုံးဦးက သူ့ကို လက်ထိပ်ခတ်ကာ ဖမ်းဆီးသွားကြောင်း သေဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်ဝက်က နိုင်ငံတကာမြန်မာသတင်းဋ္ဌာန (BNI) ကို ယခုလိုပြောဆိုသည်။

“အဲဒီ ညနေပိုင်းက သူ့ကို စခန်းအချုပ်မှာ ချုပ်ထားတယ်၊ မိသားစုနှင့် တွေ ့ခွင့်မရလိုက်ဘူး။ နောက်တနေ့ မနက်ပိုင်းရောက်တော့ စခန်းလုံခြံုရေးတာဝန်ခံတွေက ကျမတို့ကို ထိုင်းဘတ် ၆၀၀ နဲ့ လာရွေးပါလို့ ပြောတယ်” ဟု သူမက ပြောသည်။

စခန်းအချုပ်မှ နေအိမ်ပြန်ရောက်လာချိန်တွင် အမျိုးသား၏ မျက်နှာ၊ လက်မောင်းနှင့် ခြေထောက်တို့တွင် အညိုရောင် အကွက်များ တွေ့ရှိရကြောင်း ဇနီးသည်က ဆိုသည်။ ထို့အပြင် “မိန်းမရေ ဒီတခါတော့ ငါမနေရတော့ဘူးနဲ့တူတယ်။ ဒီဒဏ်ရာတွေကြောင့် သေတော့မယ်” ဟု ခင်ပွန်းသည်က ပြောဆိုခဲ့ကြောင်း ဇနီးဖြစ်သူက ပြန်လည်ပြောပြသည်။

ဒေါ်ဝက်က “သူ့ကို ထမင်းရည်တိုက်ပြီး မကြာဘူး၊ မေ့လဲသွားတယ်။ ချက်ချင်း စခန်းဆေးရုံကို တင်လိုက်တယ်။ စခန်းဆရာဝန်က သူ့အခြေအနေမကောင်းဘူး၊ အသဲမကောင်းကြောင်းနဲ့ ဆီးသွားရင် အနီရောင်ဖြစ်နေတယ်ဟု” သေဆုံးသူ၏ ဇနီးက ဆရာဝန်ပြောသည့် အကြောင်းအရာများကို ပြန်လည်ပြောပြသည်။

ထိုနေ့ညနေမှာပင်၊ ဦးထွန်းကြိုင် စခန်းဆေးရုံတွင် သေဆုံးခဲ့သည်။

“ကျမ အမျိုးသားအတွက် တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။ သူ ဘာတွေဖြစ်ပြီး၊ ဘယ်လို ဆုံးသွားတယ် ဆိုတာကို စခန်းက လုံခြံုရေး တာဝန်ခံတွေမေးရင် ဖြေဖို့ကြောက်ပါတယ်” ဟု သူမက ပြောသည်။

လုံခြံုရေး ၀န်ထမ်း ၄ ဦးက သူ ့ကို လက်ထိပ်ခတ်ပြီး၊ ခေါ်ဆောင်လာသည်ကို ကော်မူးရာကျောင်းရှေ့တွင် မြင်တွေ့ခဲ့ပြီး၊ လုံခြံုရေးတာဝန်ရှိသူ ဦးမျိုးလွင်က ဦးထွန်းကြိုင်၏ ရင်ဘတ်နှင့် ကျော်ပြင်တို့ကို အကြိမ်ကြိမ် ထိုးနက်ခဲ့သည်ကို မြင်တွေ့ခဲ့ရကြောင်း၊ ထိုးကြိတ်ခံရစဉ် လဲကျသွားပြီး၊ သူ၏ပုဆိုးဖြင့် ဒရွတ်တိုက်ခေါ်ဆောင်သွားကြကြောင်း စခန်းတွင်းရှိ မျက်မြင်သက်သေ ၂ ဦးက BNI ကိုပြောသည်။

မျက်မြင် သက်သေ ၂ ဦးက ၎င်းတို့လုံခြံုရေးကြောင့် နာမည်ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

မျက်မြင်သက်သေတဦးက “အဲဒီလူကို ဆေးရုံမှာ သွားတွေ့ဘို ့ကြိုးစားခဲ့သေးတယ်၊ ဒါပေမယ့် စခန်းလုံခြံုရေး တာဝန်ရှိသူ မျိုးလွင်လည်း အဲဒီမှာရှိနေလို ့ မသွားဖြစ်တော့ဘူး” ဟု ပြောသည်။

သေဆုံးသူ ဦးထွန်းကြိုင်ကို သွားရောက်ကြည့်ရှုခဲ့သူ မျက်မြင်သက်သေတဦးကမူ “သူ့ကို သွားကြည့်တော့ သူ ့မျက်နှာမှာ အညိုအမဲအရာတွေ တွေ့ရတယ်။ ကျနော့်အမြင်ဆိုရင်တော့ ဒီဒုက္ခသည် စခန်းကတော့ စစ်အစိုးရထက်တောင် ဆိုးနေသလိုပဲ။ စခန်းကလူတွေက မြင်ပေမယ့် မမြင်ချင်ယောင်ဆောင်နေရတယ်” ဟု ပြောဆိုလိုက်ပြီး၊ “ကျနော့်ကို ကျနော် ဘယ်သူဆိုတာ ပြောပြချင်ပေမယ့် ပုန်းစရာနေရာကလည်း မရှိဘူးလေ။ တကယ်လို ့များ ကျနော် နာမည် ပြောပြလိုက်ရင်တော့ သူတို ့ ကျနော်ကို လာသတ်လိမ့်မယ်” ဟုလည်း ထိုမျက်မြင်သက်သေက  ပြောသည်။

ကွယ်လွန်သူ ဦးထွန်းကြိုင်နှင့် ပတ်သက်၍ စခန်းတာဝန်ရှိသူများကို BNI မှ ဆက်သွယ်မေးမြန်းရာတွင် သေဆုံးသူသည် အရက်အလွန်အကျွံသောက်၍ သေဆုံးသွားခြင်း ဖြစ်နိုင်သည်ဟု သူ၏ထင်မြင်ချက်ကို ပြောဆိုလိုက်ပြီး၊ လုံခြံုရေး တာဝန်ရှိသူများကို သူမသိပါကြောင်း၊ အကြောင်းစုံသိရန် မေးမြန်းစုံစမ်းမည်ဟု စခန်းတာဝန်ရှိ ဦးမောင်ဝက်က ပြောသည်။

သေဆုံးသူ၏ ဇနီးသည်ကို BNI က ယခုလ ၆ ရက်နေ့တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သည်။

မတ်လ  ရက်နေ့တွင်၊ စခန်းတာဝန်ရှိ ဦးထွန်းနောင်က သေဆုံးသူ ဦးထွန်းကြိုင်၏ ဇနီးသည်ကို ခေါ်ယူတွေ့ဆုံရာတွင် သူမ၏ ခင်ပွန်းသည်ကို လူတစုက ရိုက်နက်ထိုးကြိတ်၍ သေဆုံးသွားခြင်း မဟုတ်သည်ကို သဘောတူကြောင်း စာရွက်တခုပေါ်တွင် လက်ဗွေနှိပ်စေခဲ့ကြောင်း BNI က သူမကို အင်တာဗျူးရာတွင် ပြောဆိုခဲ့သည်။  

ဦးထွန်းကြိုင်ကို ဆေးရုံတင်ထားစဉ်က တာဝန်ကျ ဆရာဝန် ၂ ဦးကို သေဆုံးရခြင်း အကြောင်းရင်းကို မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့အဖွဲ့စည်းဖြစ်သည့် နိုင်ငံတကာဆေးအကူအညီပေးရေးအဖွဲ့ (AMI) ၏ ခွင့်ပြုချက်မရှိသည့်အတွက် ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်။ ၎င်းအဖွဲ့က တာဝန်ခံတဦးကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း အလားတူ ငြင်းဆိုခဲ့သည်။

အုန်းဖျံ ဒုက္ခသည် စခန်းတွင် နေထိုင်သူ စုစုပေါင်း ၃ သောင်းကျော် နေထိုင်လျက်ရှိပြီး၊ UNHCR က အသိမှတ်ပြုထားသည့် ဒုက္ခသည် အရေအတွက်မှာ ၁ သောင်းခန့် ရှိသည်။

Most read this week