ရွေးကောက်ပွဲဝင်လိုသော နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ ဥပဒေအပေါ် ဆန်းစစ်ပြောကြားချက်ကို ပြည်တွင်း ဂျာနယ်များတွင် မဖော်ပြရန် ဆင်ဆာဘုတ်က ဖြတ်တောက်နေသည်။
ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဟု တရားဝင် ကြေညာထားသော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ၊ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့မှ ခေါင်းဆောင် ဦးရွှေအုန်းနှင့် အဖွဲ့ဝင် ကိုနေမျိုးဝေတို့က ရွေးကောက်ပွဲဥပဒေအပေါ် သုံးသပ်ပြောဆိုထားသည်ကို စာပေစိစစ်ရေးက ဖြုတ်လိုက်ခြင်း ဖြစ်သည်။
အနည်းဆုံး အပတ်စဉ်ထုတ် ဂျာနယ် ၃ စောင်မှာ ဤကိစ္စနှင့် ပတ်သက်၍ ဆင်ဆာဒဏ်ထိပြီးဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။
“စိစစ်ရေးက ပြောတာက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေထုတ်တဲ့အဆင့်ပဲ ရှိသေးတယ်တဲ့။ ပါတီတွေ မှတ်ပုံတရားဝင် မတင်ရသေးဘူး။ ဘာမှ လုပ်ခွင့်မရသေးဘူးလို့ ပြန်ကြားရတာပဲ” ဟု ပြည်တွင်းမှ အယ်ဒီတာတဦးက မဇ္စျိမကို ပြောသည်။
တခြား ပြည်တွင်း အယ်ဒီတာတဦးကလည်း “နိုင်ငံရေးပါတီဝင်တွေက ပုဂ္ဂိုလ်တွေရဲ့ Comments (ထင်မြင်ချက်) တွေ ခွင့်မပြုဘူး။ နိုင်ငံရေးနယ်ပယ်တွေက မဟုတ်တဲ့လူတွေပဲ တော်တော်လေးရတယ်။ ဆိုးတယ်ပြောတာ ဘာမှ မပါဘူး” ဟု မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ဝင် ကိုနေမျိုးဝေကမူ အဓိက အချက် ၃ ချက်ပါသည့် သူ၏ သုံးသပ်ချက်ကို ဖော်ပြခွင့်မရကြောင်း သတင်းထောက်များထံမှ သိရသည်ဟု ဆိုသည်။
“တချက်က အကျဉ်းကျခံတဲ့ လူတွေပါလို့ရှိရင် ပါတီဝင်အနေနဲ့ မရှိရဘူး။ နောက်တခုက ပါတီတွေအနေနဲ့ ရက်ပေါင်း ၆ဝ အတွင်းမှာ ပြန်ပြီးတော့ မှတ်ပုံတင်ရမယ်ဆိုတာတွေ။ နောက်တချက်က ၉ဝ ရလဒ်က ပျက်ပြယ်သွားပြီဆိုတဲ့ အဲဒါကိုပဲ ဦးတည်ပြီးတော့ ပြောတာပါ” ဟု မဇ္စျိမကို ပြောသည်။
စာပေစိစစ်ရေးဌာန အကြီးအကဲ ဗိုလ်မှူးတင့်ဆွေမှာ နေပြည််တော်သိို့ သွားရောက်နေရချိန်လည်း ဖြစ်သောကြောင့် ဆင်ဆာဖြတ်တောက်မှု ပိုကြမ်းနေခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန် စာပေအသိုင်းအဝိုင်းက ပြောသည်။
”လူပေါ်လည်း မူတည်တာကြောင့် ဖြစ်နိုင်သလို၊ တာဝန်ခံရမှာ စိုးတာကြောင့် ပယ်လိုက်တာ မမှားဘူးဆိုတဲ့ အတွေးကြောင့်လည်း ဖြစ်နိုင်တယ်” ဟု ဝါရင့် အယ်ဒီတာ တဦးက ပြောသည်။
ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ခံ “စာနယ်ဇင်း ကင်ပေတိုင်” အဖြစ် ပြည်တွင်းအယ်ဒီတာနှင့် သတင်းထောက်များက တင်စားလေ့ရှိသော စာပေစိစစ်ရေးဌာနသည် အတိုက်အခံများအား ပုတ်ခတ်ရေးသားရန် ဖိအားပေးခိုင်းလေ့ရှိသော်လည်း စစ်အစိုးရကို ဝေဖန်ရေးသားလျှင်မူ ဖြတ်တောက်လေ့ရှိသည်။