သျှမ်းပြည်မြောက်ပိုင်း (မန္တလေး- မူစယ်လမ်း) ပြည်ထောင်စုလမ်းမပေါ်ရှိ သိန္နီီမြို့နယ် ရေပူကုန်စစ်ဆေးရေးဂိတ် အတွင်းရှိ အဆောက်အဦ ၄ လုံး မတ်လ ၁၀ ရက်နေ့ ည ၈ နာရီခန့်က မီးစွဲလောင်ခဲ့ကြောင်း သိရသည်။ သိန္နီမှ လားရှိုးအထွက် export ကန့်သတ်ကုန် စစ်ဆေးရေးဂိတ် ကုန်ကားများရပ်နားသည့် အဆောက်အဦများ မီးစွဲလောင် ခြင်း ဖြစ်ကြောင်း မြို့ခံ ကုန်သယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“သိန္နီနားက ရေပူဂိတ်မှာ ပို့ကုန်စစ်ဆေးရေးဂိတ်အခြမ်းက မီးလောင်သွားတယ် ဟိုဘက်က သွင်းကုန်စစ်ဆေး တဲ့အခြမ်း ကားတွေရပ်ပြီး စစ်တဲ့ အဆောက်အဦ ၄ လုံးစလုံး ကုန်သွားတယ် ” ဟု သူကပြောသည်။
အဆောက်အဦတစ်လုံး ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၀ ခန့်ရှိပြီး ကားနှင့်ကုန်ပစ္စည်းများ လောင်ကျွမ်းခြင်းမရှိကြောင်းသိရ သည်။
“ စစ်ဆေးဂိတ်ဖွင့်တာက မနက် ၆ နာရီ ည ၆ နာရီအထိ ဆိုတော့ ကုန်ကားတွေမီးလောင်တာ မရှိဘူး ကားတွေ စစ်တဲ့အခါ အရိပ်အောက်မှာ ထားတာပေါ့ဗျာ ဘယ်လိုလောင်သလဲတော့မသိဘူး ” လို့ သူက ဆက်ပြောသည်။
အဆိုပါ ၀န်းအတွင်းရှိ ရေပူ စရဖ (စစ်ဘက်ရေးရာလုံခြံုရေးအဖွဲ့) ရုံးနှင့် နယ်စပ်ကုန်သွယ်ရေး ညွန်မှူး ဒုဗိုလ်မှူးကြီး အောင်ကျော်မိုး၏ နေအိမ်တို့မှာ မီးလောင်ခံခဲ့ရခြင်း မရှိကြောင်း သိရသည်။
သိန္နီရဲစခန်းတွင် အဆိုပါ မီးလောင်မှု အမှု ဖွင့်ထားကြောင်း သိရသည်။
ရေပူဂိတ်သည် တရုတ် - မြန်မာနယ်စပ်ကုန်သွယ်ရေး အဓိက လမ်းကြောင်းပေါ်ရှိ လားရှိုးနှင့်သိန္နီကြားမှ ကန့် သတ်ကုန်စစ် ဆေးရေးစခန်း တစ်ခုဖြစ်သည်။