ထောင်ကျအတိုက်အခံ ရွေးကောက်ပွဲ မဝင်ရန် စစ်အစိုးရ တားမြစ်

ထောင်ကျအတိုက်အခံ ရွေးကောက်ပွဲ မဝင်ရန် စစ်အစိုးရ တားမြစ်
ကျင်းပမည့် ယခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် စစ်အစိုးရက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ထုတ်ပြန်လိုက်ရာ နိုင်ငံရေးပါတီများ၏ အခွင့်အရေးကို ဆိုးရွားစွာ ...

ချင်းမိုင် (မဇ္ဈိမ)။     ။ ကျင်းပမည့် ယခုနှစ် ရွေးကောက်ပွဲအတွက် ပြင်ဆင်သည့် အနေဖြင့် စစ်အစိုးရက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ထုတ်ပြန်လိုက်ရာ နိုင်ငံရေးပါတီများ၏ အခွင့်အရေးကို ဆိုးရွားစွာ ပိတ်ပင်ထားသည်ကို တွေ့ရသည်။

ယနေ့နှောင်းပိုင်း သို့မဟုတ် မနက်ဖြန်တွင် ထုတ်ပြန်ဖွယ်ရှိသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ မိတ္တူကို မဇ္ဈိမက ကြိုတင် ရရှိထားသည့် အထဲတွင် ထိုသို့ တွေ့ရှိရခြင်း ဖြစ်သည်။

ထောင်ကျနေသူ မည်သူကိုမဆို နိုင်ငံရေးပါတီထူထောင်ခြင်း သို့မဟုတ် ပါတီဝင်အဖြစ် မသတ်မှတ်ရန် ဥပဒေက တားမြစ်ထားသည်။ မြန်မာနိုင်ငံတဝှန်း အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ရှိနေရာ ယခုတားမြစ်ချက်က ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်သော ဆန္ဒပြမှုအပြီး ဖမ်းဆီးခံရသူ အများအပြားဖြစ်သော စစ်အစိုးရ၏ အတိုက်အခံများကို ရွေးကောက်ပွဲလုပ်ငန်းစဉ်တွင် ပါဝင်နိုင်ခြင်းမရှိရန် ကန့်သတ်ထားသည်။

နိုင်ငံရေး ပါတီဝင်များ၏ အရည်အချင်း လိုအပ်ချက်တွင်

  • နိုင်ငံ့ဝန်ထမ်း မဟုတ်ခြင်း
  • ထောင်ဒဏ် ကျခံနေရသူ မဟုတ်ခြင်း
  • နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူ မဟုတ်ခြင်း
  • မတရားအသင်းအဖြစ် ကြေညာခြင်း ခံရသော အဖွဲ့အစည်းဝင် သို့မဟုတ် ယင်းအဖွဲ့အစည်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းဝင် မဟုတ်ခြင်း


နိုင်ငံရေးပါတီကို ဖျက်သိမ်းနိုင်သော အကြောင်းအရပ်များတွင်

  • ပါတီဝင်ဖြစ်ရန် အရည်အချင်း မပြည့်မှီသူကို ပါတီဝင်အဖြစ် အသိမှတ်ပြုထားခြင်း
  • အထွေထွေ ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအနက် အနည်းဆုံး မဲဆန္ဒနယ်သုံးနယ်တွင် မိမိပါတီမှ လွှတ်တော် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း

ဥပဒေက နေအိမ် အကျယ်ချုပ်နှင့် ပတ်သက်၍ သီးခြား ဖော်ပြခြင်းတော့ မရှိပါ။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ် တရားရုံးက အမိန့်ချမှတ် ခံရသူဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လျော့ပေါ့ပေးမှုဖြင့် နေအိမ်တွင် ၁၈ လ ချုပ်နှောင်ရန် ပြစ်ဒဏ် ခံနေရသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားကို လက်ထပ်ခဲ့သူဖြစ်သဖြင့် အခြေခံ ဥပဒေသစ်အရ အစိုးရရာထူး ရယူပိုင်ခွင့် ပိတ်ပင်ခံထားရသူ ဖြစ်နေသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူဆိုလျှင် နိုင်ငံရေးပါတီဝင် မဖြစ်ရဟုလည်း ပိတ်ပင်ထားသည်။ မြန်မာနိုင်ငံသား ဥပဒေက ယာယီနိုင်ငံသားဆိုသည်မှာ မည်သို့ဖြစ်သည်ကို အထူးပြုဖော်ပြထားခြင်း မရှိပါ။ ယခုနှစ် အစောပိုင်းက ရခိုင်ပြည်နယ်ရှိ မူဆလင်ရိုဟင်ဂျာများကို စစ်အစိုးရက ယာယီနိုင်ငံသားကဒ်များ ထုတ်ပေးခဲ့ရာ အများက ရွေးကောက်ပွဲနှင့် ဆက်နွယ်သော လုပ်ရပ်ဟု ယူဆကြသည်။

နိုင်ငံပိုင် သတင်းစာများနှင့် စာအုပ်ထုတ်ဝေဖော်ပြမည်ဆိုသော ဥပဒေအရ မတရားအသင်းအဖြစ် ကြေညာခံထားရသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ယင်းအဖွဲ့များနှင့် ဆက်သွယ်အားပေးသောသူများ နိုင်ငံရေးပါတီဝင် မဖြစ်ရဟုလည်း ပိတ်ပင်ထားပြန်သည်။

မြန်မာ့ဒီမိုကရေစီလိုလားသော အဖွဲ့အစည်းအများအပြား ပြည်ပတွင် အခြေစိုက်နေကြပြီး စစ်အစိုးရက တရားမဝင် အဖွဲ့အစည်းဟူ၍ သမုတ်ခြင်း ခံထားရသည်။ ပြည်တွင်းနှင့် ပြည်ပနေ ဒီမိုကရေစီလိုလားသော အတိုက်အခံအများအပြားလည်း ယခုစကားရပ်နှင့် အကျုံးဝင်နေနိုင်သည်။

မြန်မာနိုင်ငံ ပြည်ပရှိ အဖွဲ့အစည်းများထံမှ အကူအညီယူသူများကိုလည်း နိုင်ငံရေးပါတီတွင် ပါဝင်ခွင့် ပိတ်ပင်ထားသေးသည်။

ထို့ပြင် နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ပစ္စည်းတို့ကို အသုံးပြုသော ပါတီများကို ဖျက်သိမ်းနိုင်သလို မတရားအသင်းနှင့် ဆက်သွယ်လျှင်လည်း ဖျက်သိမ်းနိုင်သည်ဟု ပါရှိသည်။

သာသနာ့ဝန်ထမ်းများနှင့် နိုင်ငံဝန်ထမ်းများလည်း နိုင်ငံရေးပါတီဝင် မဖြစ်ရဟုလည်း ကန့်သတ်ထားသည်။