ရန်ကုန် (မဇ္စျိမ)။ ။ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့၌ ယခုလဆန်းမှ စတင်ကာ ယခင်ကထက် ညပိုင်းတွင် လျှပ်စစ်မီး ပိုမို ရရှိလာသည်။
တာမွေ၊ ရန်ကင်း၊ ဗဟန်းနှင့် တောင်ဥက္ကလာပ အပါအဝင် ရန်ကုန်တိုင်း မြို့နယ်အချို့၌ ညပိုင်းတွင် လျှပ်စစ်မီးရရှိချိန် ပိုလာသည်ဟု တညီတည်းပြောကြသည်။
''မီးပေးတာ နည်းနည်းတော့ ပိုရလာတယ်လို့ ထင်ရတယ်။ အရင်က တညလုံး ပျက်တာတွေ ရှိတယ်။ အခုတော့ အဲဒီလို မရှိတော့ဘူး။ ညတွေ ပျက်တော့ ပျက်တယ်၊ အရင်လို မပျက်တာကို ပြောတာပါ'' ဟု တာမွေမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
''ကျနော်တို့ ဗဟန်း၊ နောက် ဂွတ္တလစ် (ရန်ကင်း) မှာ အရင်က မီးလာတာ အုပ်စုခွဲထားတယ်။ ကျနော်တို့က ဘီအုပ်စု ဖြစ်တယ်။ မီးရချိန်က တနေ့ကို ၆ နာရီစီ အလှည့်ကျ ပေးဝေမှာလို့ လျှပ်စစ်က ပြောထားတယ်။ အဲဒါ လွန်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလကဗျ။ သူတို့ပြောတဲ့အတိုင်း မရဘူး။ ဒါပေမဲ့ အခု သူတို့ပြောတဲ့ အချိန်အတိုင်း လာတယ်။ ဒါက လောလောဆယ် မီးပေးချိန် ပိုတယ်လို့ပဲ ပြောရမယ့် အဖြစ်အပျက်ပေါ့။ အရင်က တညလုံး ပျက်တာရှိတယ်။ အခုတော့ လာနေတာ တွေ့တယ်'' ဟု တဦးက ပြောသည်။
ပြီးခဲ့သည့်နှစ် မိုးရာသီ၌ ရန်ကုန်သားတို့ မီးပုံမှန် ရခဲ့ပြီး၊ ဒီဇင်ဘာမှ စတင်ကာ အချိန်ပိုင်းစနစ် ကျင့်သုံးခဲ့ကာ တနေ့လျှင် ၆ နာရီခန့်သာ ရရှိကာ ညဘက်တွင်ပင် ပုံမှန်မီးမလာသည့် အခြေအနေကို ရင်ဆိုင်ခဲ့ရကြောင်းနှင့် ယခု တက္ကသိုလ်ဝင်တန်း စာမေးပွဲများကြောင့် မီးလာမည်ဟု ထင်သော်လည်း မြို့နယ်အချို့တွင်သာ ည ၁၁ နာရီခန့်မှ စတင်ကာ နံနက်ပိုင်းအထိ မီးပေးချိန် ၃ နာရီခန့် ပိုလာခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော် လျှပ်စစ်ပေးဝေရေးအဖွဲ့၏ အကြီးအကဲတဦးကမူ ရန်ကုန်၏ အရေးကြီး နေရာများကို ၂၄ နာရီ မီးပေးထားကြောင်းနှင့် ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်၍ A, B, C အုပ်စုခွဲ၍ မီးပေးလာခဲ့ကြောင်း ပြောသည်။
''ကိုယ်ဘယ်အုပ်စုမှာ ပါသလဲဆိုတာ သိနိုင်ဖို့ မီတာပြေစာတွေမှာ ရေးပေးထားပါတယ်။ အုပ်စု ဘယ်လိုခွဲသလဲဆိုတာ သိချင်ရင် သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးတွေမှာ လာကြည့်နိုင်ပါတယ်။ မီးပေးချိန် တကြိမ်ကို ၆ နာရီ အလှည့်ကျပေးတာပါ။ အဲဒီလို လည်ပတ်ပြီးတော့မှ မီးပေးတဲ့စနစ် ဖြစ်ပါတယ်'' ဟု သူက ပြောသည်။
ဒီဇင်ဘာလမှ စတင်၍ မီးပေးသည့် ခွဲတမ်းစနစ်မှာ ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ တကြိမ်၊ နံနက် ၁၁ နာရီမှ ညနေ ၅ နာရီထိ တကြိမ်၊ နောက်တနေ့ နံနက် ၅ နာရီမှ ၁၁ နာရီထိ တကြိမ် ဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေက ရန်ကုန်တိုင်း မြို့နယ်များကို ညဘက်တွင် လျှပ်စစ်မီး အချိန်ပြည့် ပေးသွားရန် ညွှန်ကြားထားကြောင်း လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ယခုလ ၆ ရက်နေ့တွင် ကျင်းပခဲ့သော အသင်း၏ ၁၆ ကြိမ်မြောက် စုံညီနှစ်ပတ်လည် အခမ်းအနားတွင် ပြောဆိုခဲ့သေးသည်။
ကိုကိုးကျွန်းမှလွဲ၍ ကျန်ရှိသည့် မြို့နယ် ၄၄ မြို့နယ်ကို ည ရ နာရီမှ နောက်တနေ့ နံနက် ၅ နာရီထိ ၁ဝ နာရီတိတိ မီးပေးချိန် သတ်မှတ်ထားကြောင်းနှင့် ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းတွင် တာဘိုင် ၄ လုံးရှိရာ တလုံး စတင်လည်ပတ်နေပြီဖြစ်သဖြင့် မီးပေးချိန် များလာခြင်းဖြစ်ကြောင်း သူက ဆိုသည်။
ရန်ကုန်အတွက် လိုအပ်သော လျှပ်စစ်မဂ္ဂါဝပ်မှာ ၅ဝဝ ဖြစ်ကြောင်းနှင့် ယခု ပေးနိုင်သော လျှပ်စစ်မဂ္ဂါဝပ်မှာ ၃ဝဝ ခန့်ဖြစ်ကြောင်း အမည်မဖော်လိုသော လျှပ်စစ်အရာရှိတဦး အဆိုအရ သိရသည်။
သူက ''အခု ရဲရွာ ရေအားလျှပ်စစ်က တာဘိုင် ၄ လုံး ရှိတယ်။ လူတိုင်း သိပါတယ်။ အခု တာဘိုင်တလုံးပဲ လည်နိုင်သေးတယ်။ အဲဒီ တာဘိုင်က ပေးနိုင်တဲ့ လျှပ်စစ်အားက မဂ္ဂါဝပ် ၂ဝဝ တောင် မပြည့်ဘူး။ အဲဒီမဂ္ဂါဝပ်က ရန်ကုန် တခုထဲကို ပေးတာမှ မဟုတ်တာ။ ဒါ့ကြောင့် ဘယ်လိုပဲ ပေးပါစေ၊ မလုံလောက်နိုင်ပါဘူး။ နည်းနည်း ပိုတိုးပေးလာတဲ့ သဘောလောက်ပဲ ရှိတာ။ ညတွေမှာတော့ မြို့နယ်တွေ အားလုံးကို အပြည့်မပေးနိုင်သေးပါဘူး'' ဟု ပြောသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲသည် ယခုလ ၁ဝ ရက်နေ့မှ ၁၉ ရက်နေ့ထိ ပြုလုပ်မည်ဖြစ်သဖြင့် ယခုအချိန်သည် ကျောင်းသားများ စာမေးပွဲအတွက် ပြင်ဆင်နေကြချိန်ဖြစ်သည်။