ရွေးကောက်ပွဲဥပဒေ အသေးစိတ် မနက်ဖြန် ထွက်မည်

ရွေးကောက်ပွဲဥပဒေ အသေးစိတ် မနက်ဖြန် ထွက်မည်
ရွေးကောက်ပွဲနှင့် ပတ်သက်သော ဥပဒေများ၏ အသေးစိတ်ကို မနက်ဖြန်မှ စတင်၍ ထုတ်ပြန်မည်ဟု နိုင်ငံပိုင် မီဒီယာများက ယနေ့ ကြေညာလိုက်သည်။ ...

ချင်းမိုင် (မဇ္စျိမ)။     ။ ရွေးကောက်ပွဲနှင့် ပတ်သက်သော ဥပဒေများ၏ အသေးစိတ်ကို မနက်ဖြန်မှ စတင်၍ ထုတ်ပြန်မည်ဟု နိုင်ငံပိုင် မီဒီယာများက ယနေ့ ကြေညာလိုက်သည်။

ယနေ့ ညနေ ၄ နာရီ မြန်မာ့ရုပ်မြင်သံကြားက သတင်းကြေညာရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို နေ့စဉ်ထုတ် သတင်းစာများနှင့် ပုံနှိပ်စာအုပ် ထုတ်ဝေ၍ ဖြန့်ချိသွားမည်ဟု ပါရှိသည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးကောက်ပွဲကို ယခုနှစ်အတွင်း ကျင်းပမည်ဟု လွန်ခဲ့သည့် နှစ်လက လူသိရှင်ကြား ပြောဆိုခဲ့သော်လည်း ယနေ့ထုတ် စစ်အစိုးရက သတင်းများ၌ မည်သည့်နေ့ရက်တွင် ရွေးကောက်ပွဲ ကျင်းပမည်ကိုမူ ပြောဆိုသွားခြင်း မရှိပါ။

အကဲခတ်အချို့သာလျှင် လာမည့်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လိမ့်မည်ဟု ယုံကြည်ကြသည်။ အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂတို့က မြန်မာအစိုးရကို ဘက်စုံပါဝင်ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် တိုက်တွန်းထားကြသည်။

လက်ရှိအချိန်တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော် ထောင်များထဲတွင် ရှိနေသေးသည်။

ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက မကြာသေးခင်က ကြံ့ခို်င်ဖွံ့ဖြိုးရေးအသင်း အစည်းအဝေးတခု၌ ဒေါ်အောင်ဆန်းစုကြည်ကို နိုဝင်ဘာလတွင် လွှတ်ပေးလိမ့်မည်ဟု ပြောသွားခဲ့သည်။ ထိုအချိန်သည် သူမ၏ နေအိမ်အကျယ်ချုပ်သက်တမ်း ကုန်ဆုံးချိန်ဖြစ်သည်။ သူမအနေဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများတွင် ပါဝင်ခွင့် မရနိုင်ဘဲ ဖြစ်လိမ့်မည်။

နိုင်ငံခြားသားကို လက်ထက်ထိမ်းမြတ်လျှင် အစိုးရ ရာထူးတာဝန် ရယူပိုင်ခွင့် ပိတ်ပင်ထားသည့် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည် ရာထူးရပိုင်ခွင့်ကို တားမြစ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းသည် ဗြိတိန်နိုင်ငံသားဖြစ်ပြီး ကင်ဆာရောဂါဖြင့် ဆုံးပါးသွားခဲ့သည်။ စစ်အစိုးရက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ကို နိုင်ငံ့အုပ်ချုပ်ရေးတွင် မပါဝင်နိုင်အောင် ချိန်ရွယ်ရေးဆွဲခဲ့သည်ဟု အများက ယုံကြည်ကြသည်။

အငြင်းပွားဖွယ်ရာ အခြေခံဥပဒေကို မေလ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးခါစတွင် ဆန္ဒခံယူပွဲ အတုအယောင်လုပ်ကာ အတည်ပြုပြဋ္ဌာန်းခဲ့သည်။ အခြေခံဥပဒေသစ်က စစ်တပ်က တိုင်းရေးပြည်ရာများတွင် အဓိက အခန်းကဏ္ဍမှ နေရာယူလုပ်ပိုင်ခွင့် ပေးထားပြီး၊ ပြုပြင်ပြောင်းလဲမှု ပြုလုပ်လျှင် ဗီတိုအာဏာသုံး၍ ပိတ်ပင်ခွင့် ပေးထားသည်။