ရန်ကုန် (မဇ္စျိမ)။ ။ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲကို မြန်မာက အိမ်ရှင်အဖြစ် ကျင်းပသွားမည်ဟု အားကစားဝန်ကြီးက အတည်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ယခုလ ၆ ရက်နေ့တွင် ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရန်ကုန်တွင် ပြုလုပ်သော MFF ၏ သတင်းစာ ရှင်းလင်းပွဲ၌ ဦးဇော်ဇော်က "၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲကို မြန်မာက အိမ်ရှင်အနေနဲ့ လက်ခံကျင်းပဖို့ကို အားကစားဝန်ကြီးက အတည်ပြုပေးလိုက်ပါပြီ။ ဒီနေ့ပဲ ဝန်ကြီးက အားလုံးကို ခေါ်တွေ့ပြီး အစည်းအဝေး လုပ်ပါတယ်" ဟု ပြောဆိုခဲ့သည်။
၂၀၀၉ ခုနှစ် လာအိုဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အောင်မြင်မှု မရရှိခဲ့ခြင်းနှင့် ပတ်သက်၍ ဦးဇော်ဇော်က ပရိသတ်များကို သတင်းစာရှင်းလင်းပွဲ၌ တောင်းပန်ခဲ့သည်။
"ပရိုဖက်ရှင်နယ် ဘောလုံးလောကကို ပြောင်းပြီး နေရှင်နယ်လိဂ် ပြိုင်ပွဲလည်း လုပ်ထားတော့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းလည်း အထိုက်အလျောက် အောင်မြင်မယ်လို့ ပရိသတ်တွေနဲ့ ကျနော်တို့ မျှော်လင့်ထားခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းကျ အုပ်စုကနေ လှည့်ပြန်ခဲ့ရတယ်။ ဒီအတွက် ပရိသတ်တွေကို တောင်းပန်ပါတယ်။ ၂၀၁၃ ပြိုင်ပွဲမှာ အောင်မြင်မှုရအောင် ကြိုးစားသွားမှာပါ။ လုပ်နိုင်မယ်လို့ ထင်ပါတယ်။ အချိန်က ၄ နှစ် ကျန်သေးတယ်" ဟု သူက ဆိုသည်။
မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းအတွက် လတ်တလောတွင် နိုင်ငံခြားသားနည်းပြ ခန့်အပ်မည် မဟုတ်သေးသော်လည်း နိုင်ငံခြားသား နည်းစနစ် ဒါရိုက်တာတဦးကို မေလအတွင်း ငှားရမ်းသွားမည်ဟုလည်း သိရသည်။
၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ကျင်းပမည် ဆိုခြင်းမှာ ဟုတ်မှန်ကြောင်းနှင့် အားကစားဝန်ကြီး၏ အစည်းအဝေး၌ အားကစား အမျိုးအစား ၃၇၃ မျိုး ပါဝင်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ဝူရှုးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဆိုင်းဆမ်ထွန်းက ပြောဆိုသည်။
"အားကစားနည်း အမျိုးအစား ၃၇၃ မျိုးဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဝူရှုးအနေနဲ့ ၂၈ မျိုးဝင်ပြိုင်မှာပါ။ ဆုတံဆိပ်ရရှိမှု လျာထားချက်အားလုံးကို မသိရပေမယ့် ကျနော်တို့ ဝူရှုးကနေပဲ ဆုတံဆိပ် ထက်ဝက်လောက် ရနိုင်ဖို့ ရည်မှန်းထားပါတယ်" ဟု လွယ်ဟိန်း ကုမ္ပဏီ ဥက္ကဋ္ဌ ဖြစ်သူ သူက ပြောသည်။
၂၀၁၃ မြန်မာဆီးဂိမ်းကို ၂ဝ၁၃ ခုနှစ် မေလတွင် ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားသည်။
၂၀၀၉ ခု ဒီဇင်ဘာလတွင် လာအိုနိုင်ငံ၌ ပြုလုပ်ခဲ့သော အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ် အစည်းအဝေး၌ မြန်မာနိုင်ငံအား ၂၀၁၃ ဆီးဂိမ်းကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် နိုင်ငံအချို့က စတင် အဆိုတင်သွင်းခဲ့သည်။