ကိုဖိုးဖြူ လွတ်လာပြီ

ကိုဖိုးဖြူ လွတ်လာပြီ
by -
မြင့်မောင်
လယ်သိမ်းခံရသည့် တောင်သူများကို ကူညီပေးနေသူအတွက် အမှုလိုက်ပေးရင်း ထောင်ကျခံခဲ့ရသော ရှေ့နေ ကိုဖိုးဖြူမှာ ယနေ့တွင် သရက်ထောင်မှ လွတ်မြောက်လာပြီ ...

နယူးဒေလီ (မဇ္စျိမ)။     ။ လယ်သိမ်းခံရသည့် တောင်သူများကို ကူညီပေးနေသူအတွက် အမှုလိုက်ပေးရင်း ထောင်ကျခံခဲ့ရသော ရှေ့နေ ကိုဖိုးဖြူမှာ ယနေ့တွင် သရက်ထောင်မှ လွတ်မြောက်လာပြီဖြစ်သည်။

ထောင်ဒဏ် ၄ နှစ် ချမှတ်ခံရသည့် အတိုက်အခံ ရှေ့နေကို နေပြည်တော် တရားရုံးချုပ်က ယခုလ ၁ ရက်နေ့တွင် ပြစ်ဒဏ်လျှော့ပေးအပြီး ၄ ရက်အကြာ သောကြာနေ့နေ့လည်ပိုင်းတွင် လွှတ်ပေးတာဖြစ်သည်။

“ကျနော် ဒီနေ့ ၁၂ နာရီ ၁၅ မှာ လွတ်တယ်။ ကျနော်တို့ တိုင်းပြည်မှာ နိုင်ငံသား လွတ်လပ်ခွင့်နဲ့ အာမခံချက် ပေးနိုင်ဖို့ လိုအပ်နေတုန်းပဲ ဖြစ်တယ်။ ပြဋ္ဌာန်းချက်တွေကိုလည်း အကောင်အထည်ဖော် ကျင့်သုံးဖို့အတွက် တွန်းအားပေးနိုင်အောင်၊ တကယ်ကျင့်သုံးအောင်၊ ကာကွယ်စောင့်ရှောက်အောင် အလုပ်လုပ်စရာတွေ အများကြီး ရှိသေးတယ်လို့ နားလည်ထားပါတယ်။ ကျနော်တို့ တိုင်ပြည်အတွက်၊ လွတ်လပ်ခွင့်တွေအတွက် အများကြီး ကြိုးစားရဦးမယ်လို့ ခံစားရတယ်” ဟု ရှေ့နေ ကိုဖိုးဖြူက မဇ္စျိမကို ပြောသည်။

အောင်လံမြို့နယ် ကျေးရွာအချို့မှ တောင်သူများ၏ ယာမြေများကို ပင်မ စစ်လက်နက်တပ်က သိမ်းယူခဲ့သည်ကို ရန်ကုန်ရှိ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO ထံ စာရေးသား တိုင်ကြားရာ၌ ကူညီခဲ့သူ ကိုဇော်ဌေးအား နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲသည့်အမှုတွင် အကျိုးဆောင်နေစဉ် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သူပါ ဖမ်းဆီးခံ့ခဲ့ရခြင်း ဖြစ်သည်။

ကိုဖိုးဖြူက “ကိုဇော်ဋ္ဌေးနဲ့ ပတ်သက်တဲ့၊ မှန်ကန်တဲ့ သက်သေခံချက်တွေကို တရားရုံးကို တင်သွင်းနိုင်ဖို့ လုပ်နေချိန်မှာ ရုံးတော်ကို မတက်နိုင်အောင် လမ်းကနေ ဖမ်းဆီးပြီး ထောင်ချလိုက်တာ ဖြစ်တယ်။ မမှန်ကန်တဲ့ သက်သေခံချက်တွေကို ရုံးတော်ကို တင်ထားတယ်။ တင်ထားတဲ့ သက်သေခံချက်တွေကို ထုချေဖို့၊ ဖြေရှင်းဖို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မရဖို့အတွက်၊ မပြုနိုင်အောင် ဖမ်းဆီး ထောင်ချလိုက်တယ်” ဟု ပြောသည်။

ရန်ကုန် ILO က ကြားဝင်ဆောင်ရွက်ပေးသဖြင့် အောင်လံရှိ လယ်သိမ်းခံ တောင်သူအချို့မှာ လွတ်လာအပြီး ကိုဖိုးဖြူလည်း ထောင်ဒဏ်လျော့ကျကာ ပြန်လွတ်လာခြင်း ဖြစ်သည်။ ကိုဇော်ဋ္ဌေးမှာမူ ထောင်ဒဏ် ၁ဝ နှစ်ဖြင့် သရက်ထောင်တွင် ဆက်လက်၍ ကျခံနေရဆဲဖြစ်သည်။

တပ်မတော်ပိုင် သကြားစက်အတွက် ကြံစိုက်ရန် ၂ဝဝ၈ ခုနှစ်တွင် တောင်သူများထံမှ ယာမြေများ သိမ်းယူခဲ့ရာ တောင်သူများက ILO သို့ တိုင်ကြားခဲ့ပြီးနောက် လက်တုံ့ပြန်သည့်အနေဖြင့် တောင်သူများ၊ ကူညီသူနှင့် ရှေ့နေကိုပါ စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့ခြင်း ဖြစ်သည်။