မိတ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင်မြင့်အေးကို စည်းကမ်းဖောက်ဖျက်မှုဖြင့် တာဝန်မှ တနှစ်ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်ကို ပြန်လည်ပြင်ဆင်မှုပြုရန် မြို့နယ်အဆင့် ပါတီခေါင်းဆောင် နှစ်ဦးက ဗဟိုကို တောင်းဆိုလိုက်ကြသည်။
စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ အတိုက်အခံပါတီ၏ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က အရေးယူခဲ့သည့်အပေါ် ဝမ်းတွင်းမြို့နယ် အတွင်းရေးမှူး ဦးထွန်းထွန်းနှင့် မိတ္ထီလာမြို့နယ် ဒုဥက္ကဋ္ဌ ဦးသိန်းအောင်က ကန့်ကွက်ထားသည်။
“ဒေါ်မြင့်မြင့်အေးကို တာဝန်မှ တနှစ်ရပ်နားထားတယ်ဆိုတာ အင်မတန်မှာ မလျော်တဲ့ ကိစ္စဖြစ်လို့ ကျနော်တို့ ခရိုင်စုကို လာပါ။ ဗဟိုအဖွဲ့က လူကြီးများ၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များ လာပါ။ ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေးပြီး ပြေပြေလည်လည် ဖြေရှင်းမယ်။ ဒါကို ပြန်ရုတ်သိမ်းပေးဖို့ တောင်းဆိုမယ်” ဟု ဦးထွန်းထွန်းက မဇ္စျိမကို ပြောသည်။
မိတ္ထီလာမြို့နယ် NLD ဒု-ဥက္ကဋ္ဌ ဦးသိန်းအောင်က အရေးယူထားသည့် ကိစ္စနှင့်ပတ်သက်၍ ဗဟိုမှ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ခေါင်းဆောင်များအနေဖြင့် မိတ္ထီလာခရိုင်သို့ လာရောက်ဖြေရှင်းပြီး စည်းလုံးညီညွတ်မှု ရရှိရန် လုပ်ဆောင်သင့်သည်ဟု ပြောသည်။
ဒေါ်မြင့်မြင့်အေးက “အရေးယူတယ်ဆိုရင် အောက်ခြေကနေ ဗဟိုအထိ အဆင့် ၃ ဆင့်ကနေ အရေးယူလို့ ရတယ်။ မြို့နယ်ကလည်း ကျမကို စစ်ဆေးတာ မရှိဘူး၊ တိုင်းကလည်း ကျမကို လာပြီး စစ်ဆေးတာ မရှိဘူး။ ကျမ တင်ထားတဲ့ စာနဲ့ ဗဟို စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကလည်းခေါ်ပြီး စစ်ဆေးတာ မရှိဘူး။ ကျမကို ဒီနေ့ ဒီအချိန်ထိအောင် လုံးဝ စစ်ဆေးမေးမြန်း၊ စုံစမ်းတာ မရှိသလို အဲဒါနဲ့ ပတ်သက်ပြီးတော့ ထုချေခွင့် လုပ်ဖို့ဆိုတာ ဘာတခုမှ မပေးဘူး” ဟု ပြောသည်။
သို့သော် ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဒေါ်မြင့်မြင့်အေး၏ အမှုကို သူမနှင့် မန္တလေးတိုင်း အဖွဲ့ချုပ် တာဝန်ရှိသူများအကြား အပြန်အလှန် ပေးစာများအပေါ် မှုတည်ပြီး စစ်ဆေးဆုံးဖြတ်ခဲ့တာပါဟု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ဦးသိန်းညွန့်က ပြောသည်။
“ဦးသန်းထွန်းက အဖွဲ့ခေါင်းဆောင်၊ ကျနော်နဲ့ ဦးထွန်းထွန်းအေးက အဖွဲ့ဝင်ပါ။ ကျနော်တို့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒေါ်မြင့်မြင့်အေး တင်ထားတဲ့ စာတွေအပေါ်မှာ အယူခံအမှုအဖြစ် ကြားနာပေးဖို့ တာဝန်ပေးအပ်တဲ့အခါမှာ ဒေါ်မြင့်မြင့်အေး တင်ပြတဲ့ စာတွေရော၊ မန္တလေးတိုင်းက တင်ပြတဲ့ စာတွေရော အားလုံးလေ့လာပြီးတော့ ကျနော်တို့က သူ့ကို အတွင်းရေးမှူး နေရာကနေ တနှစ် ရပ်ဆိုင်းတာပါ” ဟု သူက ပြောသည်။
သူက ဆက်ပြီး “ဆုံးဖြတ်ချက် အပြည့်အစုံ ရေးပြီးတော့ ဒေါ်မြင့်မြင့်အေးကို ပေးထားပါတယ်။ မန္တလေးတိုင်းကို တစုံ၊ ဒေါ်မြင့်မြင့်အေးကို တစုံ ပေးထားပါတယ်။ အယူခံကိစ္စက သူ့ကို ခေါ်တွေ့ဖို့ မလိုဘူး။ သူတင်တဲ့ စာတွေအပေါ်မှာပဲ ဆုံးဖြတ်တယ်။ မူလ အမှုကို စစ်တာမဟုတ်ဘူး။ အယူခံအမှုက စာတွေပေါ်မှာ ဆုံးဖြတ်တာ။ အယူခံအမှုကို ဥပဒေအရ လုပ်ထုံးလုပ်နည်းအတိုင်း ကျနော်တို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဗဟို CEC အဖွဲ့ဝင် ဦးဝင်းတင်က “သူ့ကို အပြစ်ပေးတာ ကြာပြီ။ အောက်ခြေ၊ တိုင်းကနေ အရေးယူတာကို CEC က အတည်ပြုပေးလိုက်တာဗျာ။ သူ့ကို စည်းကမ်း ဖောက်တယ် ဘာညာနဲ့ အောက်ခြေက အရေးယူတာဗျာ။ ပဲခူးက ဦးမြတ်လှကိုလည်း တနှစ်အရေးယူတာ ရှိတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဦးအောင်ရွှေကို နုတ်ထွက်ပေးရမယ်ဆိုပြီး တောင်းဆိုတဲ့အတွက် သူ့ကိုလည်း တနှစ် အရေးယူတာ ရှိခဲ့တယ်” ဟု ပြောသည်။ ဦးမြတ်လှသည် ပဲခူးတိုင်း NLD ဥက္ကဋ္ဌနှင့် တိုင်းစည်း အဖွဲ့ဝင် ဖြစ်သည်။
အောက်တိုဘာလ ၆ ရက်နေ့တွင် ပါတီ CEC တိုးချဲ့ဖွဲ့စည်းရေးနှင့် ဗဟိုဦးစီးအဖွဲ့ CC ပြန်လည် ဖွဲ့စည်းရေးအတွက် အောက်ခြေမှရွေးသော ပါတီညီလာခံ ခေါ်ယူရေးကို ဒေါ်မြင့်မြင့်အေးက မီဒီယာမှတဆင့် ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ဧရာဝတီ၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် ရန်ကုန် စသည့် တိုင်း ၅ တိုင်းရှိ အတွင်းရေးမှူး၊ လွှတ်တော်အမတ်၊ တိုင်းစည်း အဖွဲ့ဝင်များ စုစုပေါင်း ၁၇၈ ဦးက ညီလာခံခေါ်ရေးကို ဗဟိုသို့ ထပ်မံတောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ မိတ္ထီလာရုံုးခွဲလည်းပါသည်။
ထိုကိစ္စများ ဖြစ်ပွားပြီးနောက် မန္တလေးတိုင်း NLD က စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှု၊ စည်းလုံးညီညွတ်ရေးကို ထိခိုက်သည်ဟု စွဲချက်များတင်ကာ ရန်ကုန်ရှိ ပါတီရုံုးချုပ်သို့ တင်ပြခဲ့သည်။ ဥက္ကဋ္ဌ ဦးအောင်ရွှေက ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးကာ သူမကို တာဝန်မှ တနှစ် ရပ်ဆိုင်းပြီး သာမန်အဖွဲ့ဝင်အဖြစ်သို့ အဆင့်လျော့ချခဲ့သည်။
NLD တွင် ပါတီစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုဟုဆိုကာ တာဝန်မှ ရပ်ဆိုင်းခဲ့သည့် ဦးရေမှာ ၁ဝဝ ကျော် ရှိကြောင်း သိရသည်။