၀ ပြည် သွေးစည်းရေး တပ်မတော် ခေါင်းဆောင် ပေါက်ယူချမ်း နှင့် စရဖ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့၌ တွေ့ဆုံပြီး နောက်ပိုင်း UWSP/UWSA နယ်ခြားစောင့်တပ် အသွင်ပြောင်း ရေးအတွက် အချိန်ထပ် တိုးပေးရန် နအဖထံသို့ ထပ်မံ စာရေး တောင်းဆိုလိုက်သည်ဟု စုံစမ်းသိရှိရပါသည်။
“၂၇ ရက် မနက် ၈ နာရီကနေ ညနေ ၁၆း၃၀ အထိ ဗဟို ကော်မတီဝင် ၂၂ ဦး ပန်ဆန်းဌာနချုပ်မှာ အစည်း အဝေးထိုင် တယ်။ အဲဒီ့ ကနေတဆင့် အများဆန္ဒသဘောထားကိုကောက်ယူပြီး ဗိုလ်ရဲမြင့်ထံ အဓိက အကြောင်း ရင်း ၂ ချက် တင်ပြခဲ့တယ်” - ဟု အဆိုပါ ၀ အရာရှိက ဆက်လက်ပြောပြပါသည်။
အဓိက အကြောင်းရင်း ၂ ချက်မှာ-
၁။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် မိုင်းပေါက် နှင့် မိုင်းဖျဲန်နယ်မြေကိစ္စ ရှင်းရှင်းလင်းလင်းဖေါ်ပြထားခြင်းမရှိသော ကြောင့် ဥပဒေကြောင်းအရ တပ်မတော်အစိုးရနှင့် ဆက်လက်ဆွေးနွေးဖြေရှင်းလိုခြင်း၊
၂။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့်ပါတ်သက်၍ ၀ တို့၏တင်ပြချက် ၉ ချက်အပေါ် ဖြေရှင်း ပေးစေလိုကြောင်း တပ်မတော်အစိုးရနှင့် ဆက်လက်ဆွေးနွေးနိုင်ရန် တင်ပြချက်များအား အချိန်ယူစဉ်းစားပေးမည်ဟုလည်းမျှော်လင့် ကြောင်းစသဖြင့် တင်ပြခဲ့သည်ဟုပြောပါသည်။
တန့်ယန်းတွေ့ဆုံပွဲ နှင့် ပတ်သက်ပြီး တရုတ်ပြည် ယူနန်ပြည်နယ် အစိုးရထံသို့လည်း အလားတူ တစောင်ပေး ပို့ခဲ့သည် ဟုလည်းဆို၏။
တရုတ်ပြည် ယူနန်ပြည်နယ်အစိုးရထံပေးပို့သည့်စာတွင် ၀ ပြည်နယ်အစိုးရ တင်ပြထားသည့် အချက် ၉ ချက် အား ဒုဗိုလ်ချုပ်ကြီးရဲမြင့်နှင့်အဖွဲ့ ထည့်သွင်း ဆွေးနွေးခြင်းမရှိ၊ ၀ ဘက်မှ ထိုင်နားထောင်ရခြင်းသက်သက်ဖြစ်၊ ဆွေးနွေးပွဲ အစီအစဉ် အချိန်ကာလ အားလုံး နအဖ ဘက်ကသာသတ်မှတ်ကာ အသွင်ပြောင်းရန်သာ တဘက်သတ်ဖိပြော၊ အစည်း အဝေးမှ တိုးတက်မှု တစုံတရာ မရှိ - စသဖြင့် ရေးသားတင်ပြထားသည်ဟု ဆို၏။
ဖေဖေါ်ဝါရီ ၂၅ ရက် တန့်ယန်းဆွေးနွေးပွဲမတိုင်မှီ ကတည်းက နယ်စပ်လုံခြံုရေးအတွက်အကြောင်းပြကာ နအဖဘက်မှ တပ်မအင်အား ၂ ခု ၀ နယ်အတွင်းပို့ဆောင်မည့်အကြောင်း တရုတ်မှ တဆင့်ဖိအားပေးထား မှုအပေါ်“မည်သည့် လက်နက်ကိုင်တပ်ဖွဲ့မဆို ၀ ပြည်နယ်အစိုးရခွင့်ပြုချက်မရဘဲ ၀ နယ်ထဲဝင်ရောက်လာပါက မိမိကိုယ်မိမိကာကွယ်သည့်မူ အရ အသက်ရင်း ခုခံတိုက်ခိုက်သွားမည်” ဟူ၍လည်း အတိအလင်း ပြောကြား ခဲ့သေး၏။
ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ (မွန်းလွဲပိုင်း၌ တွေ့ဆုံ၊ ၂၆ ရက်နေ့ပြန်လည်ထွက်ခွာ) တန့်ယန်းတွေ့ဆုံဆွေးနွေးပွဲအား ၀ ပြည်သွေးစည်းရေးပါတီ ဥက္ကဌပေါက်ယူချမ်း ကိုယ်တိုင်သွားရောက်ခြင်းသည် တရုတ်မှဖိအားပေး မှုကြောင့် ဟုဆို နိုင်သော်လည်း နအဖ နှင့် ၀ အကြားဆွေးနွေးမှုတွင် နအဖ သဘောထားမည်မျှတင်းမာသည်ကို တရုတ်တို့အား လက်တွေ့ရှုမြင်လိုသည့် ဆန္ဒကြောင့်လည်းဖြစ်ကြောင်း ပြောပြပါသည်။