၀ နယ်ထဲ နအဖ တပ်မ ၂ ခု ပို့မည်ဟု တရုတ်မှတဆင့် ခြိမ်းခြောက်

၀ နယ်ထဲ နအဖ တပ်မ ၂ ခု ပို့မည်ဟု တရုတ်မှတဆင့် ခြိမ်းခြောက်
၀ ခေါင်းဆောင်နှင့် နအဖ ကိုယ်စားလှယ်တို့တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ နယ်စပ်လုံခြံုရေးအရ ၀ နယ် မြေအတွင်း တပ်မနှစ်ခုပို့မည်ဖြစ်ကြောင်း တန့်ယန်းသို့ ၀ ခေါင်းဆောင်များ ...

၀ ခေါင်းဆောင်နှင့် နအဖ ကိုယ်စားလှယ်တို့တွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ နယ်စပ်လုံခြံုရေးအရ ၀ နယ် မြေအတွင်း တပ်မနှစ်ခုပို့မည်ဖြစ်ကြောင်း တန့်ယန်းသို့ ၀ ခေါင်းဆောင်များ မထွက်ခွါမှီ တရုတ်မှတဆင့် ဖိအား ပေးခဲ့သည် ဟု စုံစမ်းသိရှိရပါသည်။

“၀ ဥက္ကဌ တန့်ယန်းကို မဖြစ်မနေသွားဖို့ခေါ်တာက ဗမာစစ်ခေါင်းဆောင်တွေ၊ ကြားဝင်ကမ်းလှမ်းတိုက်တွန်း ဖြောင်းဖြ ပေးတာက တရုတ်တွေလေ။ တရုတ်က - ခင်ဗျားတို့ သွားတွေ့လိုက်ပါ ကောင်းဖို့အတွက်ဘဲ၊ အဖမ်းအဆီးမရှိစေရဘူး၊ နောက်တခု ခင်ဗျားတို့ သွားတွေ့တွေ့ မတွေ့တွေ့ ခင်ဗျားတို့နယ်မြေထဲ သူတို့ တပ်မ ၂ ခု ပို့မယ်လို့ပြောတယ်။ နောက်ပြီး ဗိုလ်ရဲမြင့်တို့ ပန်ဆန်းကို မလာနိုင်တာက သူတို့ကအစိုးရ - ခင်ဗျားတို့ဆီလာရမယ်ဆိုတာ ထုံးမရှိဘူးတဲ့” - ဟု တရုတ်ဆက်ဆံရေးအရာရှိများပြောကြောင်း အဆိုပါ ၀ အရာရှိက ဆက်လက်ပြောပြ၏။    

ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ ၀ ပြည်သွေးစည်းရေးပါတီ ဥက္ကဌ ပေါက်ယူချမ်း ခေါင်းဆောင်သည့် အင်အား ၁၆၀ (ကား ၂၁ စီး) ပါ အဖွဲ့တဖွဲ့ တန့်ယန်းသို့ ထွက်ခွါသွားကြောင်း၊ မသွားမှီအချိန်အထိ တရုတ်ဘက်မှ အကြိမ်ကြိမ် ဖိအားပေး သောကြောင့် ဟု ဆိုပါသည်။

၀ နယ်အတွင်း နအဖတို့ တပ်မ ၂ ခု ပို့မည့်အကြောင်းနှင့်ပတ်သက်၍  “ဒု စစ်ဦးစီးချုပ် ကျောဝ့်ကျုံးတန်း တယောက် ဥက္ကဌ ကြီးနှင့်အတူ လိုက်မသွားခြင်းသည် စစ်ရေးကိစ္စ အသင့်ရှိနေဖို့ဖြစ်ကြောင်း” ၀ တပ်မတော် စစ်ဘက်ရေးရာ တာဝန် ရှိသူတဦးက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ဆက်ပြောပါသည်။

“ ဗမာစစ်ခေါင်းဆောင်တွေရဲ့ မရိုးသားမှုတွေကို နားလည်ပြီး ကြားဝင်စေ့စပ်ပေးတဲ့ တရုတ်က ဘက်မလိုက် ရင်တော့ ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်နိုင်မယ်။ ကိုးကန့်အရေးအခင်းတုန်းကဆို တရုတ်က အလိမ်ခံလိုက်ရ တယ်လေ။ အခုလဲနယ်စပ်လုံခြံုရေးကိုအကြောင်းပြပြီး တပ်မ ၂ ခု ပို့မယ်ဆိုတာကြီးက တမင်ခြိမ်းခြောက်ချင်တဲ့သဘော၊ကောင်း တဲ့ လက္ခဏာတော့မဟုတ်ဘူး၊ ကောင်းဖို့အလားအလာလဲမရှိနိုင်ဘူး”- ဟု လည်းထောက်ပြသည်။

အကဲခတ်သူ သတင်းသမားတဦးက - “နအဖ က လည်တယ်။ သူ့ဘက်မှာတရုတ်ရပ်တည်နေတယ်ဆိုတာ ပြတဲ့အနေနဲ့ ဒီကနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှာ အထက်သံလွင်(ကွမ်လုံ) ရေအားလျှပ်စစ် စီမံကိန်း သဘောတူလက်မှတ် ထိုးပွဲသတင်းကို ပထမစာမျက်နှာမှာဖေါ်ပြထားတယ်” - ဟု ပြော၏။

ဗိုလ်ချုပ်ရဲမြင့်သည် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ - မက်မန်း (မှော်ဖ ဒေသ) မှ တဆင့် သံလွင်မြစ်အတိုင်းရဟတ် ယာဉ်ဖြင့် ဆန်တက်ပြီး တန့်ယန်းမြို့သို့ မွန်းလွဲ ၂ နာရီကျော်တွင်ရောက်ရှိကြောင်း၊ တရုတ်သံတမန် အဖွဲ့နှင့် နအဖ အထူးစစ်ဆင်ရေးမှူးများလည်း တွေ့ဆုံပွဲသို့ လိုက်ပါလာကြကြောင်းလည်း သိရှိရသည်။

တရုတ်သံတမန်များ ကြားဝင်နားထောင်ပေးသည့် ယခု ၀ ခေါင်းဆောင် ပေါက်ယူချမ်းအဖွဲ့ နှင့် နအဖ ကိုယ်စား လှယ်တို့၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးဆွေးနွေးပွဲကို ဒီကနေ့ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့၌ တန့်ယန်း စစ်ဗျူဟာရုံးတွင် အကြိတ်အနယ်ဆွေးနွေးကြကြောင်း၊ ၀ ခေါင်းဆောင်တင်ပြချက်အားလုံးလည်း နအဖ တခုမှ လက်မခံဘဲ လုံးဝပါယ်ချလိုက်ကြောင်း၊ ထို့ကြောင့် ယခုတွေ့ဆုံပွဲမှလည်း အပေါင်းလက္ခဏာတစုံတရာမှ မဆောင်ဘဲ ဌာနချုပ်ပန်ဆန်းသို့ ယနေ့ နေ့လည်ပိုင်းတွင် ပြန်လည်ရောက်ရှိကြသည်ဟုသိရပါသည်။

Most read this week