မြန်မာများ ပါရှိသည့်ကား သေနတ်ပစ်ခံရ၊ ၃ ဦး သေဆုံး

မြန်မာများ ပါရှိသည့်ကား သေနတ်ပစ်ခံရ၊ ၃ ဦး သေဆုံး
by -
စိုင်းဇွမ်ဆိုင်း
ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်း၌ စစ်ဆေးခြင်းမခံဘဲ မောင်းပြေးသည့် တရားမဝင် မြန်မာများ တင်ဆောင်လာသော ကားတစီးကို ထိုင်းလုံခြံုရေးများက သေနတ်ဖြင့် ပစ်ခတ် ...

ချင်းမိုင် (မဇ္စျိမ)။     ။ ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်း၌ စစ်ဆေးခြင်းမခံဘဲ မောင်းပြေးသည့် တရားမဝင် မြန်မာများ တင်ဆောင်လာသော ကားတစီးကို ထိုင်းလုံခြံုရေးများက သေနတ်ဖြင့် ပစ်ခတ်ရာ ၃ ဦး သေဆုံးခဲ့ကြောင်း ရနောင်းမြို့ ရဲစခန်းက ပြောသည်။

ကားပေါ်ပါ မြန်မာ ၁၅ ဦးအနက် ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးနှင့် လူကြီး ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့ကာ ရနောင်းမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု တာဝန်ကျ ရဲဝန်ထမ်း တဦးထံမှ သိရသည်။

“မရပ်ဘဲနဲ့ မောင်းပြေးလို့ ကားကို သေနတ်နဲ့ ပစ်ပါတယ်။ စစ်သား (တာဟန်) တချို့လည်း ပါတယ်။ ကလေး နှစ်ယောက်၊ လူကြီး တယောက် သေတယ်။ ၅ ယောက်ကို သေနတ်ထိတယ်။ ရ ယောက်ကို ရဲစခန်းမှာပဲ ဖမ်းထားတယ်” ဟု ရဲတာဝန်ကျက မဇ္စျိမကို ပြောသည်။

ဖမ်းမိထားသည့် ထိုင်းကားမောင်းသမားကို တာဝန်အရ တားဆီးသည်ကို မလိုက်နာခြင်း၊ တရားမဝင်သူများကို သယ်ဆောင်ခြင်းတို့ဖြင့် တရားရင်ဆိုင်ရမည်ဖြစ်ပြီး၊ မြန်မာများကိုမူ တရားမဝင်ခိုးဝင်မှုဖြင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ရနောင်းမြို့ မြောက်ဘက် မိုင် ၃ဝ ခန့်အကွာရှိ ဟင်းခြံမြို့မှ ချုံဖော်မြို့သို့အသွား စစ်ဆေးရေးစခန်းတခုတွင် ထိုင်းရဲနှင့် စစ်သား ပူးတွဲစစ်ဆေးရေးအဖွဲ့က မော်တော်ကားအား ရပ်တန့်ရန် တားဆီးခဲ့စဉ် ထိုင်းလူမျိုး ယာဉ်မောင်းက မောင်းနှင်ပြေးခဲ့ခြင်း ဖြစ်သည်။

ရနောင်းဒေသခံတဦးကလည်း ယင်းပစ်ခတ်မှု သတင်းကိုကြားသိရကြောင်းနှင့် ဟင်းခြံမြို့နှင့် ချုံဖော်မြို့အကြားတွင် စစ်ဆေးရေးဂိတ် နှစ်ခုရှိပြီး မသင်္ကာစရာ သတင်းရရှိမှသာ ယာဉ်များကို တားဆီးစစ်ဆေးလေ့ရှိတတ်ကြောင်း ပြောသည်။ ယခုကဲ့သို့ ပစ်ခတ်သည်မှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာ အလုပ်သမားများအရေး ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ TACDB မြန်မာပိုင်းတာဝန်ခံ ဦးမြင့်ဝေကမူ ယခုကိစ္စတွင် ထိုင်းလုံခြံုရေး တပ်ဖွဲ့များ၌ တာဝန် ရှိသည်ဟု သုံးသပ်ရန် စောသေးသည်ဟု ဆိုသည်။

“လူကို ပစ္စည်းတွေနဲ့ ဖုံးလာတာကို လှမ်းပစ်လို့ မှန်သွားတာလား။ ဒါမှမဟုတ် လူတွေရှိမှန်း သိလျက်နဲ့ တည့်တည့်ပစ်ခဲ့လို့ ထိတာလား ဆိုတာမျိုးတော့ လိုသေးတယ်လေ။ ကားပေါ်မှာ လူတွေ ထိုင်နေတာကို သိသိကြီးနဲ့ ပစ်ခတ်တယ်ဆိုတာတော့ သူတို့က တရားလွန်ကျူးတယ်ပေါ့” ဟု သူက ပြောသည်။

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ၂ဝဝ၈ ခု ဧပြီလ၌ တရားမဝင် မြန်မာအလုပ်သမား ၅၄ ဦးကို ပင်လယ်စာ တင်ဆောင်သည့် ကွန်တိန်နာယာဉ်ဖြင့် သယ်ဆောင်ခဲ့ရာ အသက်ရှူကြပ်ပြီး အားလုံး သေဆုံးခဲ့သည်။

ပြီးခဲ့သည့်လနှောင်းပိုင်းတွင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်အတွင်း၌ ထိုင်းရဲများနှင့် လူမှောင်ခိုအဖွဲ့ ပူးပေါင်းသတ်ဖြတ်မှုကြောင့် မြန်မာနိုင်ငံသား အလုပ်သမား ၉ ဦး သေဆုံးခဲ့ရသည်။ သတ်ဖြတ်မှုအတွက် အပြစ်ရှိသည့် ရဲအရာရှိမှာ မိမိကိုယ်မိမိ အဆုံးစီရင်သွားသော်လည်း တရားခံတချို့ လွတ်မြောက်နေသေးသည်။