မူးယစ်ဆေးဝါး လျော့ကျရန်အတွက် UNODC ပြောဆို

မူးယစ်ဆေးဝါး လျော့ကျရန်အတွက် UNODC ပြောဆို
by -
စိုင်းဇွမ်ဆိုင်း
မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးပပျောက်စေရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အရေအတွက် လျော့သွားအောင် လုပ်ဆောင်ရမည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC က အစီရင်ခံစာတစောင် ထုတ်ပြန်ကာ...

မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးပပျောက်စေရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အရေအတွက် လျော့သွားအောင် လုပ်ဆောင်ရမည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး UNODC က အစီရင်ခံစာတစောင် ထုတ်ပြန်ကာ ယမန်နေ့တွင် ပြောဆိုလိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် သူတို့၏ အဖွဲ့အစည်း ရှင်သန်စေရေးအတွက် မူးယစ်ဆေးဝါး စိုက်ပျိုးကူးသန်းမှုများနှင့် ဆက်စပ်နေသောကြောင့်ဖြစ်သည်ဟု UNODC က ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း-တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်တောင်ပိုင်း-ထိုင်းနယ်စပ်၊ ရှမ်းပြည်အရှေ့ပိုင်းတို့တွင် ဘိန်းစိုက်ပျိုးပြီး ယင်းဒေသအတွင်း အခြေစိုက်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့၏ အမည်များနှင့်အတူ ရှမ်းပြည်နယ် တောင်ပိုင်း၊ ထိုင်းနိုင်ငံနှင့် ဆက်စပ်နေသော ဒေသသည် လက်ရှိ အချိန်တွင် ဘိန်းထုတ်လုပ်မှု အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းက ဒုတိယလိုက်သည်ဟုလည်း UNODC အစီရင်ခံစာတွင် ထောက်ပြ ပြောဆိုထားသည်။

သို့သော် ထိုသို့သော ပြောဆိုချက်အပေါ် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလောင်ဆိုင်ကမူ မူးယစ်ဆေးဝါးနှိမ်နင်းရေး မူဝါဒများကို ၎င်းတို့အနေဖြင့် ကျင့်သုံးလျက်ရှိကြောင်း တု့ံပြန်ပြောဆိုသည်။

“ကျနော်တို့အနေနဲ့ ဒီ မူးယစ်ဆေးဝါးနဲ့ ပတ်သက်စရာအကြောင်းလည်း မရှိပါဘူး။ လိုလည်း မလိုလားပါဘူး။ ဒါကြောင့် ကျနော်တို့အဖွဲ့နဲ့ မူးယစ်ဆေးဝါးကုန်ကူးတာ ပတ်သက်မှု မရှိဘူးလို့ ကျနော် ပြောချင်ပါတယ်” ဟု သူကပြောသည်။

UNODC အစီရင်ခံစာ၌ “ရှမ်းပြည်နယ်အတွင်း အင်အားအကြီးဆုံးအဖွဲ့ဖြစ်သည့် ဝ' ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် UWSA နှင့် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)၊ ကိုးကန့်ဒေသများတွင် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ အဓိက ထုတ်လုပ်နေသည်ဟု အမေရိကန်နှင့် ထိုင်း မူးယစ်တာဝန်ရှိသူများက ယူဆထားကြသည်” ဟုလည်း ဖော်ပြထားသည်။

သို့သော် ထိုပြောဆိုချက်နှင့် ပတ်သက်၍ UWSA ပြောရေးဆိုခွင့်ရှိသူတဦးက ၂ဝဝ၆ ခုနှစ်တွင် UWSA သည် ၎င်းထိန်းချုပ်ထားသော နယ်မြေကို ဘိန်းကင်းစင်နယ်မြေဟု ကြေညာခဲ့ပြီး တင်းကျပ်စွာ တားမြစ်ထားကြောင်းနှင့် ပညာပေးခြင်းများကိုလည်း ပြုလုပ်ထားကြောင်း ချေပပြောဆိုသည်။

၁၉၉၆ ခုနှစ်တွင် ဘိန်းဘုရင် ခွန်ဆာအဖွဲ့ လက်နက်ချအပြီးတွင် ရှမ်းပြည်နယ်အတွင်း ဒေသများ၌ ဘိန်းအစားထိုး စီမံကိန်းများကို အကောင်အထည်ဖော်လာခဲ့သဖြင့် ၁၉၉၆ မှ ၂ဝဝ၆ ခုနှစ်အတွင်း ဘိန်းစိုက်မြေ ဧက ၈၇ ရာခိုင်နှုန်း လျော့ကျခဲ့သော်လည်း စိတ်ကြွဆေး ထုတ်လုပ်မှု တိုးလာသည်ဟု UNODC အစီရင်ခံစာက ဆိုထားသည်။

ရှမ်းပြည် မူးယစ်ဆေးဝါးစောင့်ကြည့်ရေးအဖွဲ့ ဒါရိုက်တာ ဦးခွန်စိုင်းကလည်း ဘိန်းစိုက်ပျိုးနေသော ဒေသများသည် နအဖ အုပ်ချုပ်သည့် ဒေသများဖြစ်သဖြင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှု ဆက်စပ်ခြင်း မရှိနိုင်ကြောင်း ပြောသည်။

သူက “ဒီလောက် လက်နက်အင်အား ပြည့်စုံတဲ့ နအဖ ထိန်းချုပ်ထားတဲ့ နေရာကို ဘယ်အဖွဲ့က ရူးရူးမိုက်မိုက် ဝင်ပြီး ဘိန်းစိုက်မှာလဲဗျာ။  ဘိန်းစိုက်ပြီး ရလာတာတွေကို နအဖဆီကို အခွန်ဆက်၊ နအဖ က ခွင့်ပြု၊ အဲလိုနဲ့ သဟဇာတတွေ ဖြစ်နေတာပေါ့” ဟု ပြောသည်။

၂ဝဝ၉ ခုတွင် မြန်မာနိုင်ငံမှ ဘိန်းစိမ်း တန်ချိန် ၃၃ဝ ခန့်ထုတ်လုပ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ခန့် တန်ဖိုးရှိကြောင်းနှင့် ဘိန်းဖြူရောင်းချမှုမှ ဒေါ်လာ သန်း ၃၆ဝ ခန့် ရရှိကြောင်း UNODC အစီရင်ခံစာတွင် ဆိုထားသည်။