ချင်းမိုင် (မဇ္စျိမ)။ ။ ယခုလ ၂ဝ ရက်နေ့က ရွှေတြိဂံနယ်၊ မဲခေါင်မြစ်အတွင်း ပစ်ခတ်မှုကြောင့် ယခုအခါ မြန်မာနှင့် လာအိုနယ်စပ် လုံခြံုရေးတိုးမြှင့်ပြီး နယ်စပ်အဝင်အထွက်ကို ပိတ်လိုက်သည်။
“အဲဒီဘက်မှာက စကခ ၁၈ လက်အောက်ခံ ဗျူဟာတခုရှိတယ်။ အဲဒီဗျူဟာက ဦးဆောင်ပြီးတော့ ဒေသခံ ပြည်သူ့စစ်တွေနဲ့ ပေါင်းထားတဲ့ လူနှစ်ရာလောက် အဝင်အထွက်တွေကို စစ်ဆေးနေတယ်” ဟု တာချီလိတ်မှ အရာထမ်းတဦးက မဇ္စျိမကို ပြောသည်။
ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ဝင် ဦးစိန်ကြည်ကလည်း အခင်းဖြစ်ပွားပြီး နောက်ပိုင်းတွင် တာချီလိတ်ဘက်မှ တပ်ရင်း ၂ ရင်း ၃ ရင်းခန့်ကို ဝမ်ပုံဘက်သို့ စေလွှတ်ခဲ့သည်ဟု ပြောသည်။
ပြီးခဲ့သည့် စနေနေ့က မဲခေါင်မြစ်အတွင်း ကင်းလှည့်နေသော တာချီလိတ်ခရိုင် ဝမ်ပုံမြို့နယ်ရဲစခန်းမှ ရဲများနှင့် မူးယစ်အထူးတပ်ဖွဲ့ဝင်များကို ရွှေတြိဂံဒေသ၌ လှည့်လည် လှုပ်ရှားနေသော နော်ခမ်း၏ ဘိန်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ ၁၁ ဦး သေဆုံးပြီး ၃ ဦးပျောက်ဆုံးခဲ့ကာ ၂ ဦး ဒဏ်ရာရ လွတ်မြောက်ခဲ့သည်ဟု ဆိုသည်။
လွတ်မြောက်လာသူနှစ်ဦးကို ယခုလ ၂၂ ရက်နေ့က ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။
နယ်မြေခံရဲများနှင့် စစ်သားများ ပူးပေါင်းပြီး အခင်းဖြစ်ပွားခဲ့သောနေရာကို ယမန်နေ့က ထပ်မံရှင်းလင်း ခဲ့ရာ ပျောက်ဆုံးနေသူများအနက်မှ မူးယစ်အထူးတပ်ဖွဲမှ တပ်ကြပ်ဇင်လင်းမောင်နှင့် လှေသမားတဦးတို့၏ အလောင်းများကို ထပ်မံတွေ့ရှိသော်လည်း ဒုရဲအုပ်သန့်ဇင်၏အလောင်းကိုမူ မတွေ့ရသေးကြောင်း သိရသည်။
“လှေသမားရဲ့အလောင်းကိုတော့ ဝမ်ပုံမှာပဲ ထားခဲ့လိုက်တယ်။ ဇင်လင်းမောင်ရဲ့ အလောင်းကတော့ တော်တော်ကြီးကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ။ ခုနတုန်းက ၂ နာရီတုန်းက ရင်ခွဲရုံကနေ သုသာန်ပို့ပြီး သဂြိုလ်လိုက်တယ်” ဟု အာဏာပိုင် အသိုင်းအဝိုင်းက ဆိုသည်။
အသုဘအခမ်းအနားသို့ ပြည်နယ်ရဲမင်းကြီးကိုယ်တိုင် တက်ရောက်ခဲ့သည်ဟုလဲ စုံစမ်းသိရှိရသည်။