ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တုတ်ကွေးကြောင့် ကြက်၊ ငှက် သေဆုံးမှုများ အထူး တိုးပွားနေသည်ဟု သတင်း ရရှိသည်။
မောင်တောမြို့ခံတဦးက“ မြို့ပေါ်ရပ်ကွက်တွေမှာလည်း ကြက်ငှက်တွေ ရောဂါ ဖြစ်ပီး သေနေကြပါပီ။ နယ်ကျေးရွာတွေမှာဆိုရင် ပိုဆိုးနေပါတယ်။ ကြက်တွေ သေတယ်၊ နောက်ပြီးတော့ ကျီးကန်တွေ၊ ငှက်တွေလည်း သေကြတာကိုတွေ့ရပါတယ်။” ဟုပြောသည်။
အဆိုပါ ကြက်၊ ငှက်တုတ်ကွေးရောဂါကြောင့် မောင်တောလူထုအကြားတွင် အလွန်တရာမှ စိုးရိမ်မှုများ ရှိနေကြသည်ဟု မြို့ပေါ်မှ အိမ်ရှင်မတဦးကလည်း ပြောသည်။
“ကျမတို့ အိမ်မှာဆိုရင် ကြက်သားနဲ့ ကြက်ဥ လုံးဝ မစားတော့ဘူး။ စျေးမှာဆိုရင်လည်း ကြက်ရောင်းတဲ့ အတန်းကို လူတွေက မသွားကြတော့ဘူး။ လူတွေဆီ ကူးစက်မှာကို အထူး စိုးရိမ်နေကြတယ်လေ။ ကြက်တွေ၊ ငှက်တွေ သေတာကိုတွေ့ရတော့ အတော့ကို စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။”
ကြက်ငှက် တုတ်ကွေးရောဂါ အများအပြားဖြစ်နေသော ကျေးရွာများမှာ ရွှေဇားကျေးရွာနှင့် ဘကုံးနား ကျေးရွာများတွင် ဖြစ်ပီး တုတ်ကွေးရောဂါကြောင့် ယခုကဲ့သို့ ကြက်နှင့် ငှက်များမှာ သေဆုံးနေခြင်း ဖြစ်ကြောင်း မောင်တောဆေးရုံမှ တာဝန်ရှိသူတဦးက ပြောသည်။
“မနေ့ကလည်း တိရစ္ဆာန် ဆရာဝန်တွေ တခြား ဆရာဝန်တွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ ရောဂါအဖြစ်များနေတဲ့ ဘကုံးနားကျေးရွာကို သွားကြပါတယ်။ အဲဒီရွာမှာ ကြက်အကောင် ၁၀၀ ကျော် အစုလိုက် အပုံလိုက် သေဆုံးတယ် ဆိုတဲ့အတွက် သွားရောက် စစ်ဆေးဖို့ သွားခဲ့ကြတာပါ။ ကြက်တွေက တနေ့တည်းမှာ ခုလို အစုလိုက် အပြုံလိုက်သေဆုံးသွားကြတာ ဖြစ်ပါတယ်။”
အဆိုပါ အဖွဲ့နှင့် အတူ မောင်တောမြို့နယ် မယက ဥက္ကဌ ဦးတင်အုန်းလည်း လိုက်ပါသွားခဲ့သည်ဟု သိရသည်။ မောင်တောမြို့ တမြို့လုံးတွင် တုတ်ကွေးကြောင့် ကြက်နှင့် ငှက် သေဆုံးမူ တိုးပွားနေင်္ပြီး ရောဂါ ကူးစက်လာပုံကို အငြိမ်းစား ရဲအရာရှိ တဦးက ယခုကဲ့သို့ ပြောသည်။
“ မောင်တောမြို့နယ်မှာ လင်မရှိတဲ့ မုဆိုးမတွေနဲ့ ဆင်းရဲတဲ့ မိသားစုတွေ အတွက် NGO အဖွဲ့အစည်းတခုဖြစ်တဲ့ (FAO) Food and Agriculture Organization က ရန်ကုန်မှ ကြက်တွေ ယူလာပါတယ်။ အဲဒီ ကြက်တွေ ကတဆင့် ကူးစက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်တော်ကြက်ခြံမှာလည်း ကြက်တွေ သေဆုံးမူ စတင်နေပါပြီ။”
ကူးစက်ခြင်းမှာ ဟုတ်မှန်ကြောင်းကို ကျန်းမာရေးဌာနမှ ဝန်ထမ်းတဦးကလည်း အတည်ပြု ပြောကြားသည်။
“အရင်က ဒီမှာ ကြက်တွေ၊ ငှက်တွေ တုတ်ကွေးဖြစ်ရင်လည်း ဒီလောက်ထိ အခြေအနေတွေ မဆိုးဘူး။ ဟိုတလောက (FAO) အဖွဲ့အစည်းက ရန်ကုန်က မွေးမြူရေး ကြက်တွေကို ယူလာတယ်။ ဒီကတဆင့် ကူးစက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာကတော့ တရားဝင် ဘာမှ မပြောသေးပါဘူး။”
သို့သော်လည်း မောင်တောမြို့နယ် ကျန်းမာရေးဌာနမှ ယခုအခါ တုတ်ကွေး ကာကွယ်ဆေးများကို ကြက်ခြံများတွင် လိုက်လံ ဖြန့်ဝေပေးနေပြီး ကြက်ခြံများတွင် ပိုးသတ်ဆေးများ ဖြန့်နေသည်ဟု ကျန်းမာရေး ၀န်ထမ်းက ပြောသည်။
မောင်တောမြို့တွင် ယခုကဲ့သို့ ကြက်နှင့် ငှက်များ အစုလိုက် အပုံလိုက် သေဆုံးခြင်းမှာ ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်သည်ဟု သိရသည်။