လှိုင်သာယာစက်မှုဇုံနှင့် အင်းစိန်အထည်ချုပ် စက်ရုံများတွင် ဖြစ်ပွားခဲ့သော အလုပ်သမား ဆန္ဒပြမှုကို ပြည်သူတရပ်လုံး အားပေးထောက်ခံကြရန် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့က ယနေ့ တိုက်တွန်းလိုက်သည်။
ဆန္ဒပြ တောင်းဆိုမှုများသည် ပြည်တွင်း ကျပ်တည်းမှုအား ဖော်ထုတ်လိုက်ခြင်းဖြစ်ရာ အလုပ်သမားများ နှင့်အတူ ပူးပေါင်းပါဝင်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တို့နှင့် ပူးတွဲထုတ်ပြန် တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
“လှိုင်သာယာနဲ့ အင်းစိန်တွေမှာ ဖြစ်နေတဲ့ ကိစ္စဟာ ယနေ့ ကျနော်တို့ တိုင်းပြည်မှာ စားဝတ်နေရေး ကြပ်တည်းမှု ဆိုက်နေပြီးတော့ ပညာရေး၊ စီးပွားရေးတွေ ချွတ်ချုံကျတဲ့ ပြဿနာဆိုတာ ထင်ဟပ်နေ တာဘဲဗျ” ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က မဇ္စျိမကို ပြောသည်။
ဗကသအဖွဲ့မှ ပြောခွင့်ရှိသူ ကိုဇာနည်ကလည်း “သူတို့အနေနဲ့ တိုင်းပြည်ဟာ ဆင်းရဲကျပ်တည်းနေပြီ ဆိုတာကို ထုတ်ဖော်ပြောရဲတဲ့အတွက် ဂုဏ်ယူတယ်။ အားပေးတယ်။ ကျန်တဲ့လူတွေလည်း မိမိတို့ရဲ့ မပြေလည်မှုတွေကို သူတို့လိုဘဲ ပူးပေါင်းဖြေရှင်းကြဖို့ တိုက်တွန်းလိုပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
ယခုနှစ်အတွင်း အထည်ချုပ်စက်ရုံ၊ သကြားလုံး စက်ရုံ၊ သားရေစက်ရုံများမှ အလုပ်သမား ဆန္ဒပြမှု သည် ရ ကြိမ်ခန့် ရှိပြီဖြစ်ပြီး အလုပ်သမားပေါင်း ၁ သောင်းခန့် ဆန္ဒပြတောင်းဆိုမှုများ ရှိခဲ့သည်ဟု သူက ပြောသည်။
၅ နှစ်နီးပါးသက်တမ်းရှိပြီဖြစ်သော ရန်ကုန် အင်းစိန်မြို့နယ်ရှိ Loin City အထည်ချုပ်စက်ရုံမှ အလုပ် သမားများသည် ယခုလ ၁၆ ရက်နေ့က လစာတိုးမြင့်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြရာ ယနေ့တွင် အလုပ်ရှင်မှ တောင်းဆိုချက်များ လိုက်လျောလိုက်သဖြင့် ဆန္ဒပြမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။
ယခုလ ၈၊ ၉၊ ၁ဝ ရက်နေ့များတွင် လှိုင််သာယာ စက်မှုဇုံ ၃ ရှိ မြဖက်ရှင် အထည်ချုပ် စက်ရုံနှင့် Taiyi ဖိနပ်ချုပ်စက်ရုံတို့မှ အလုပ်သမား ၂ဝဝဝ ဦးကျော်က ၎င်းတို့၏ ရပိုင်ခွင့်များကို တောင်းဆိုဆန္ဒပြခဲ့ သည်။ အလုပ်ရှင်များက လခတိုးပေးခြင်းနှင့် အလုပ်ချိန် လျော့ပေးလိုက်သဖြင့် ဆန္ဒပြမှု ပြီးစီးသွားပြီ ဖြစ်သည်။