လယ်ယာမြေ အသိမ်းခံ တောင်သူ ၁၀ ဦး ပြန်လွတ်လာ

လယ်ယာမြေ အသိမ်းခံ တောင်သူ ၁၀ ဦး ပြန်လွတ်လာ
by -
ဖနိဒါ
မကွေးတိုင်း အောင်လံမြို့နယ်ရှိ လယ်ယာမြေများကို အဓမ္မသိမ်းယူမှုနှင့် ပတ်သက်၍ သရက်ထောင်၌ အဖမ်းခံနေရသော တောင်သူ ၁၁ ဦးအား မကွေးတိုင်း တရားရုံးက ထောင်ဒဏ် ၄ လစီ...

မကွေးတိုင်း အောင်လံမြို့နယ်ရှိ လယ်ယာမြေများကို အဓမ္မသိမ်းယူမှုနှင့် ပတ်သက်၍ သရက်ထောင်၌ အဖမ်းခံနေရသော တောင်သူ ၁၁ ဦးအား မကွေးတိုင်း တရားရုံးက ထောင်ဒဏ် ၄ လစီ ယနေ့ ချမှတ်လိုက်သည်။

သို့သော် ၎င်းတို့ထဲမှ ၁ဝ ဦးသည် ထောင်ချုပ်ရက်နှင့် ပြစ်ဒဏ်ကိုက်ညီနေသဖြင့် စီရင်ချက်ချပြီးသည်နှင့် လွတ်မြောက်သွားခဲ့ကြသည်။ ၎င်းတို့ထဲမှ မအေးဝင်း ဆိုသူမှာမူ အချုပ် ၅ လ ဆက်ကျခံရန် ကျန်နေသည်။

“တရားသူကြီးက ဒီအမှုနဲ့ ပတ်သက်ပြီးတော့ အပြစ်ရှိတယ်၊ မပြစ်မရှိဘူး မဟုတ်ဘူး။ ၄ လ ပြစ်ဒဏ် ကျခံစေဆိုတဲ့ သဘောပြောတယ်” ဟု တရားစီရင်မှုကို နားထောင်ခဲ့သူ လွတ်မြောက်လာသူ တောင်သူဦးသန်းစိုး၏ ညီဖြစ်သူ ကိုဟန်ဝင်းအောင်က ပြောသည်။

မြန်မာ့ဦးပိုင်စီးပွားရေးက ပိုင်ဆိုင်သည့် ရုံးဆိပ်သကြားစက် အာဏာပိုင်များက ၂ဝဝ၈ ခု တွင် ဒေသခံ တောင်သူများထံမှ ယာမြေ ဧက ၂ဝဝဝ ခန့်ကို သိမ်းယူကာ ကြံစိုက်ခိုင်းသည့်အတွက် တောင်သူများက အလုပ်သမားအဖွဲ့ချုပ် - ILO ကို တိုင်ကြားခဲ့သဖြင့် အဖမ်းခံခဲ့ရသူများ ပြန်လွတ်လာခြင်း ဖြစ်သည်။

လယ်ယာအချို့အား ပြန်လုပ်ရန် ယခင်နှစ် မတ်လက ပိုင်ရှင်တောင်သူများကို ခွင့်ပြုခဲ့သော်လည်း လုပ်ငန်း စတင်သောအခါ ပုဒ်မ ၄၄၇ - ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ ၄၂၇ - အကျိုးဖျက်ဆီးမှုတို့ဖြင့် သကြားစက် အာဏာပိုင်များက တရားစွဲခဲ့သည်။

အောင်လံမြို့နယ်တရားရုံးက ၎င်းတို့ကို အောက်တိုဘာလ ၁၆ ရက်နေ့က ထောင်ဒဏ် အနည်းဆုံး ၉ လ မှ အများဆုံး ၄ နှစ်ခွဲ အထိ အသီးသီးချမှတ်ခဲ့သည်။ ထို့နောက် မကွေးတိုင်းတရားရုံးသို့ အယူခံဝင်ခဲ့သည်။

ဥပဒေအတိုင်ပင်ခံ ရှေ့နေကြီးဦးအောင်သိန်းကမူ ယနေ့ ပြစ်ဒဏ်ချမှတ်မှုက မြန်မာနိုင်ငံ၏ တရားစီရင်ရေး လွတ်လပ်မှု မရှိကြောင်းကို ပြသနေသည်ဟု သုံးသပ်သည်။

“အိုင်အယ်အိုအရာရှိ လာပြီးတော့ ညှိနှိုင်းချက်အရ သူတို့ကို ၄ လစီပဲ ချမှတ်လိုက်တယ်။ တရားစီရင်ရေး အာဏာဟာ အဲဒီလို ဝင်ရောက်ညှိနှိုင်းမှုတွေကြောင့် အပြောင်းအလဲတွေဖြစ်လို့ လွတ်လပ်တဲ့ တရားစီရင်ရေး မဟုတ်ဘူးလို့ မှတ်ယူတယ်” ဟု မဇ္စျိမကို ပြောသည်။

ယခင်လက အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO မှ အမှုဆောင် ညွှန်ကြားရေးမှူးချုပ်  မစ္စတာ ကယ်ရီ တာပီယိုလာနှင့် အဖွဲ့သည် ယနေ့လွတ်မြောက်ရာတွင် ပါဝင်သည့် အောင်လံမြို့နယ် စမ်းကလေးကျေးရွာမှ  ဦးသန်းစိုး၏ နေအိမ်၌ အဖမ်းခံတောင်သူများ၏ မိသားစုများနှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ဦးချစ်ရှိန်တို့အဖွဲ့နှင့်လည်း နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ယာမြေများ အသိမ်းခံရသဖြင့် ILO သို့ စာတင်ခဲ့သည့် တောင်သူအများစု လွတ်လာပြီဖြစ်သော်လည်း စာတင်ရာတွင် ကူညီပေးခဲ့သည့် အောင်လံမြို့မှ ကိုဇော်ဌေးမှာမူ နိုင်ငံတော် လျို့ဝှက်ချက် ဥပဒေဖြင့် သရက်ထောင်၌ ထောင်ဒဏ် ၁ဝ နှစ် ကျခံနေရဆဲဖြစ်သည်။

သူ၏ အကျိုးဆောင်ရှေ့နေ ကိုဖိုးဖြူကိုလည်း အသင်းအဖွဲ့ပုဒ်မ၊ အစိုးရယန္တရားကို ရပ်တန့်မှုတို့ဖြင့် မကွေးတိုင်းတရားရုံးက ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်ပြီး သရက်ထောင်၌ပင် ချုပ်နှောင်ထားသည်။