CC အဖွဲ့ဝင် ရွေးချယ်ရန် အန်အယ်ဒီ ဗဟို စတင်

CC အဖွဲ့ဝင် ရွေးချယ်ရန် အန်အယ်ဒီ ဗဟို စတင်
by -
ကျော်ခ
ဗဟိုဦးစီးအဖွဲ့ CC အဖွဲ့ဝင်များ ရွေးချယ်ရန် တိုင်း/ပြည်နယ်များမှ ပေးပို့ခဲ့သည့် လျာထား စာရင်းများကို ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ဗဟိုခေါင်းဆောင်များ ယနေ့ စတင်ဆွေးနွေးနေပြီ...

ဗဟိုဦးစီးအဖွဲ့ CC အဖွဲ့ဝင်များ ရွေးချယ်ရန် တိုင်း/ပြည်နယ်များမှ ပေးပို့ခဲ့သည့် လျာထား စာရင်းများကို ရန်ကုန်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် ဗဟိုခေါင်းဆောင်များ ယနေ့ စတင်ဆွေးနွေးနေပြီ ဖြစ်သည်။

ဆွေးနွေးညှိနှိုင်းရာတွင် အချိန်မလောက်သဖြင့် တိုင်း/ပြည်နယ် ၁၁ ခုထိ ဆွေးနွေးဖြစ်ခဲ့ပြီး ရန်ကုန်တိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့ကို မနက်ဖြန်တွင် ဆက်လက် ဆွေးနွေးမည်ဟု သိရသည်။

“မနက်ဖြန်မှာ ထပ်ဆွေးနွေးမှာပါ။ ဒီနေ့နဲ့ မနက်ဖြန်မှာ တိုင်းနဲ့ ပြည်နယ်တွေကို ခေါ်ယူညှိနှိုင်းပြီးတော့ သူတို့တင်ပြတဲ့ လျာထားတဲ့ လူတွေကို စာရင်းတို့ထားပြီးတော့ ယူထားမှာ ဖြစ်ပါတယ်” ဟု ဗဟိုအလုပ်မှုဆောင် CEC အဖွဲ့ဝင် ဦးခင်မောင်ဆွေက မဇ္စျိမကို ပြောသည်။

ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းကို ယနေ့နှင့် မနက်ဖြန် ၂ ရက်ကြာ ဆွေးနွေးပြီး မကြာမီတွင် CEC အစည်းအဝေး ခေါ်ယူကာ အတည်ပြု ကြေညာသွားမည် ဖြစ်သည်။  

ဗဟိုဦးစီးအဖွဲ့ဝင် လျာသည့်အခါတွင် အခက်အခဲ မရှိသော်လည်း ရွေးချယ်ရန် ပုံစံတကျရှိမရှိနှင့် မိမိတို့ ချမှတ်ထားသည့် မူဝါဒ ၅ ချက်နှင့် ကိုက်ညီ မကိုက်ညီဆိုသည်ကို CEC က ဆုံးဖြတ်မည်ဟု သိရသည်။

CC ရွေးချယ်ရာတွင် တိုင်းကြီးတတိုင်းစီလျှင် ရ ဦးစီ၊ တိုင်းငယ်နှင့် ပြည်နယ်တခုစီလျှင် ၅ ဦးစီ အထိသာ ရွေးချယ်ကြရမည်ဟု CEC က ပြည်နယ်/တိုင်း စည်းရုံးရေးအဖွဲ့များထံ ယခင်လက စာထုတ်ပြန်ခဲ့ပြီး ယခုအခါ ၈၁ ဦး ရွေးချယ်ထားပြီး ဖြစ်သည်။

“CC အဖွဲ့တွေက နိုင်ငံရေးတာဝန်တွေ၊ စည်းရုံးရေးတာဝန်တွေကို ဗဟိုကနေ တိုက်ရိုက်အကြောင်းကြားတဲ့ အခါမှာ လိုအပ်သလို လုပ်ကိုင်ပေးဖို့ပါပဲ။ နောက်ပြီးတော့ ဗဟိုနဲ့ မြို့နယ်တွေကြားမှာ လိုအပ်တဲ့ နိုင်ငံရေးအရ ရပ်တည်ချက်အရ သဘောထားတွေ အမျိုးမျိုးဖြစ်နေတဲ့ ကိစ္စတွေကို CC က တဆင့် နယ်တွေကို အကြောင်းကြားလိုက်မယ်ဆိုရင် ချက်ချင်းလက်ငင်း ဆွေးနွေးမှုတွေ ရောက်သွားနိုင်ပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။   

CC အဖွဲ့ဝင်များသည် မိမိတို့၏ တိုင်း/ပြည်နယ်များရှိ နိုင်ငံရေး၊ စည်းရုံးရေး လုပ်ငန်းစဉ်များကို ဗဟိုနှင့် ညှိနှိုင်းဆွေးနွေးကာ ကျယ်ပြန့်စွာ လုပ်ကိုင်သွားရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

ပါတီညီလာခံ ခေါ်ယူနိုင်သေးခြင်း မရှိသေးသဖြင့် CEC က CC ကို တိုးချဲ့ရကြောင်း သိရသည်။

“ပါတီတရပ်မှ ကြည့်လို့ရှိရင် စစချင်းတော့ CC တွေကို ရွေးရတာပါပဲ။ အခုအခါမှာတော့ CC တွေကို စပြီးတော့ မရွေးနိုင်တဲ့ အနေအထားမျိုးဖြစ်နေတယ်။  ပါတီညီလာခံတရပ်ကို ခေါ်ယူကျင်းပနိုင်ခြင်း မရှိတဲ့အခါမှာ အကျဉ်းချုံးပြီးတော့ လုပ်ရတဲ့အခါမှာ CC က သက်သက်အသစ်ဖွဲ့တာ ဖြစ်ပြီးတော့ ဗဟိုအလုပ်အမှုဆောင်က တိုးချဲ့ခြင်း အလုပ်ကို လုပ်လိုက်ရပါတယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။

သူက ဆက်ပြီး “တိုးချဲ့တယ်ဆိုတာဟာလည်း ရှိပြီးသား ဗဟိုအလုပ်အမှုဆောင်တွေကို ဖြုတ်ပယ်ပစ်လို့ မရတဲ့အခါမှာ တိုးချဲဲ့တဲ့ အလုပ်ကို လုပ်ရပါတယ်” ဟု ပြောသည်။

ပုံမှန်အားဖြင့် နိုင်ငံရေး ပါတီတခုတွင် သြဇာတိက္ကမအကြီးဆုံးဖြစ်သည့် CC မှတဆင့် CEC ကို ရွေးချယ် တင်မြှောက်လေ့ ရှိသည်။

အန်အယ်ဒီ ဗဟို CEC အဖွဲ့ဝင် ၁၁ ဦး ရှိခဲ့ရာမှ ပြီးခဲ့သည့်လ ၁၄ ရက်နေ့တွင် အဖွဲ့ဝင်သစ် ၉ ဦး ထပ်မံ တိုးချဲ့ခဲ့ပြီးနောက် CC ကို ပြန်လည်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။

၁၉၉ဝ ခုနှစ်အတွင်း ပြည်နယ်/တိုင်း ကိုယ်စားလှယ်များဖြင့် စတင်ဖွဲ့စည်းခဲ့သည့် CC အဖွဲ့ဝင် ဦးရေ ၈ဝ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင် အများအပြားကို အာဏာပိုင်များက ဖမ်းဆီးခဲ့သဖြင့် ဖျက်သိမ်းခဲ့သည့် သဘောမျိုး ဖြစ်ခဲ့သည်။