A (H1N1) ပိုးရှိသူ ကျောင်းသား ၁၄ ဦး တွေ့ရှိ

A (H1N1) ပိုးရှိသူ ကျောင်းသား ၁၄ ဦး တွေ့ရှိ
by -
ဆလိုင်း ဟံသာစန်း
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ မူလတန်းကျောင်းနှင့် အထက်ကျောင်းအတွင်း  ကျောင်းသား ၁၄ ဦးတွင် ကမ္ဘာ့လူတုပ်ကွေးခေါ် A (H1N1) ပိုး တွေ့ရှိခဲ့ကြောင်း ကျောင်းဆရာမများက...

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်ရှိ မူလတန်းကျောင်းနှင့် အထက်ကျောင်းအတွင်း  ကျောင်းသား ၁၄ ဦးတွင် ကမ္ဘာ့လူတုပ်ကွေးခေါ် A (H1N1) ပိုး တွေ့ရှိခဲ့ကြောင်း ကျောင်းဆရာမများက ပြောဆိုကြသည်။

ကျန်းမာရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများက ယခုလ ၈ - ၉ ရက်နေ့များတွင် ဆေးစစ်ခဲ့ရာ မြောက်ဒဂုံမြို့နယ် အမှတ် ၂၃ မူလတန်းကျောင်းမှ ကျောင်းသား ၈ ဦးနှင့် အမှတ် ၄ အထက်တန်းကျောင်းမှ ကျောင်းသား ၆ ဦးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“၈ ရက်နေ့က ကျောင်းက ကလေးတွေကို စစ်ဆေးတဲ့အခါကျတော့ ၈ ဦးမှာ ပိုးတွေ့တယ်။ အဲဒါနဲ့ နောက်ရက်ကစပြီး ကျောင်းပိတ်ထားတာ။ ၃ ရက်ပေါ့နော်။ ကလေးတွေကတော့ မြောက်ဥက္ကလာပ ဆေးရုံမှာ ကုနေတယ်” ဟု အခြေခံပညာ မူလတန်းကျောင်း (အမက) ၂၃ မှ ကျောင်းဆရာမတဦးက မဇ္စျိမကို ပြောသည်။

မြောက်ဒဂုံ အထက ၄ မှ ကျောင်းဆရာမတဦးကလည်း “ကျောင်းသား ၆ ဦးမှာ ပိုးတွေ့လို့ မြောက်ဥက္ကလာပက ဝေဘာဂီဆေးရုံမှာ ကုသနေပါတယ်။ ရောဂါကနေ သက်သာနေပါပြီ။ ဆေးဦးတယ်ပေါ့။ သတ်မှတ်ရက် ၁၀ ရက်အတွင်းတော့ ကလေးတွေက ဆေးရုံမှာ နေရမယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ဒီမှာ ဖြစ်နေတာတော့ ကျမတို့ကျောင်းရယ်၊ (အလယ်တန်းကျောင်း) အလက ၁ ရယ်၊ အမက ၂၃ ရယ်။ ဘော်ဒါဆောင်က ကလေးတွေ စာသင်နေတဲ့ ကျောင်းတွေမှာ လာဖြစ်ကုန်တဲ့ သဘောပေါ့နော်” ဟု ပြောသည်။

ကျောင်းသားများတွင် A (H1N1) ပိုး တွေ့ရှိခြင်းနှင့် ပတ်သက်ပြီး မြောက်ဒဂုံ ဆေးရုံနှင့် ဝေဘာဂီ ဆေးရုံတို့ကို ဆက်သွယ် မေးမြန်းကြည့်ရာ တာဝန်ကျ ဝန်ထမ်းများက ဖြေကြားခြင်း မပြုခဲ့ပါ။

ယမန်နေ့ထုတ် ကြေးမုံ သတင်းစာတွင် မြောက်ဒဂုံမြို့နယ် ၄၃ ရပ်ကွက်ရှိ ဘော်ဒါဆောင်တခုမှ ကျောင်းသားများကို စစ်ဆေးကြည့်ရာ ရောဂါပိုးတွေ့ရှိသူ ၂၁ ဦး ရှိပြီး၊ ပိုးတွေ့သူနှင့် သံသယရှိသူ လူနာ ၄၇ ဦးကို ဝေဘာဂီ၊ မြောက်ဥက္ကလာပနှင့် သင်္ကန်းကျွန်းစံပြ ဆေးရုံတို့တွင် ကုသပေးနေကြောင်းနှင့် မင်္ဂလာဒုံတွင်လည်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပိုးရှိသူ ၄ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထိုဖော်ပြချက်အရ မြန်မာနိုင်ငံတွင် A (H1N1) ရောဂါပိုးတွေ့ရှိသူပေါင်း ၉၈ ဦး ရှိခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရုံးက ယခုလ ၁ဝ ရက်နေ့အထိ လက်ခံရရှိသော စာရင်းများအရ ရောဂါပိုးတွေ့ရှိသူ ၈၁ ဦး ရှိပြီဖြစ်ကြောင်း မဇ္စျိမကို ပြောသည်။

“ရောဂါနှိမ်နှင်းရေးအတွက် ကျနော်တို့ မြန်မာအစိုးရနဲ့ အရင်ကတည်းက ပူပေါင်း ဆောင်ရွက်နေတာပါ။ ဒီရောဂါက ဒီဇင်ဘာတုန်းက ခဏရပ်သွားတယ်။ အခု ပြန်ပေါ်လာတဲ့ အနေအထားမှာ ကျနော်တို့ ရောဂါနှိမ်နှင်းရေးတွေ ဆက်လုပ်နေပါတယ်” ဟု  WHO မှ အမျိုးသား အကြံပေးအရာရှိ ဒေါက်တာမျိုးလွင်က  ပြောသည်။

ကျောင်းအတွင်း ရောဂါဖြစ်ပွားခဲ့သည့်အတွက် ကူးစက်ခံရမည်ကို စိုးရိမ်ကြောင်း ၄၇ ရပ်ကွက်နေ အထက ၄ မှ ကျောင်းသား မိဘတဦးက ယခုလို ပြောဆိုသည်။

“ကျမကလေးတွေကို တနင်္လာနေ့ကတည်းက ကျောင်းမလွှတ်တာ။ ကူးမှာစိုးလို့လေ။ အဲဒီရောဂါက အတူထိုင်နေရင်းလည်း ကူးနိုင်တော့ စိုးရိမ်လို့။ ဆရာမတွေကတော့ ခွင့်တိုင်မယ်ဆိုရင် မိဘကိုယ်တိုင် လာတိုင်ရမယ်လို့ ပြောတော့ ကျမလည်း သွားတိုင်လိုက်တယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်း A (H1N1) ဖြစ်ပွားသူ ၆၉ ဦး ရှိခဲ့ကြောင်း ယခုလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

၂၀၀၉ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ လေကြောင်းဖြင့် ပြန်လာသော ၁၃ နှစ်အရွယ် ကျောင်းသူ တဦးထံမှ A (H1N1) ပိုး ပထမဦးဆုံး တွေ့ရှိခဲ့သည်။

အမေရိကတိုက် မက္ကဆီကိုနိုင်ငံတွင် ၂၀၀၉ ခုနှစ် ဧပြီလအတွင်းက ဝက်များတွင် စတင်ဖြစ်ပွားခဲ့ပြီးနောက် မျိုးစိတ်အသစ် ပေါက်ဖွားကာ လူသို့ ကူးစက်ခဲ့သည့်  A (H1N1) (ထိုစဉ်က ဝက်တုပ်ကွေး)
ရောဂါသည် ကမ္ဘာ့ဒေသ အနှံ့အပြားသို့ ပြန့်နှံ့ ကူးစက်ခဲ့ပြီးနောက် ထိုနှစ် ဇွန်လအတွင်း WHO က ကမ္ဘာ့ကပ်ရောဂါ (အမြင့်ဆုံး အဆင့်) အဖြစ် သတ်မှတ်ခဲ့သည်။

A (H1N1) ကြောင့် နိုင်ငံပေါင်း ၂၁၁ နိုင်ငံမှ လူဦးရေ အနည်းဆုံး ၁၅၁၇၄ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း WHO က ယခုလ ၅ ရက်နေ့တွင် ထုတ်ဖော်ကြေညာခဲ့သည်။