မြန်မာနိုင်ငံတွင် အလုပ်သမားများ၏ လူမှုဖူလုံရေးနှင့် အခွင့်အရေးအတွက် အကာအကွယ်ပေး တောင်းဆိုပေးနိုင်မည့် သမဂ္ဂများ လိုအပ်နေကြောင်း ပြည်ပရှိ မြန်မာ အလုပ်သမား အဖွဲ့များက ပြောဆိုသည်။
လှိုင်သာယာ စက်မှုဇုန် ၃ တွင် ဖိနပ်စက်ရုံ တိုင်ရီ၊ အထည်ချုပ် စက်ရုံများဖြစ်သည့် ကျားမင်းနှင့် OPAL 2 (ခေါ်) မြဖက်ရှင်မှ အလုပ်သမားများ ဆန္ဒပြမှုကို ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့နှင့် FTUB (ခေါ်) မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ခေါင်းဆောင်များက သုံးသပ်ပြောဆိုခြင်း ဖြစ်သည်။
“မြန်မာပြည်မှာ အလုပ်သမား လူမှုဖူလုံရေးစနစ် သေချာမရှိဘူး။ အလုပ်သမားအတွက် အာမခံချက် အပြည့်အဝ မရှိဘူး။ အလုပ်ရှင်၊ အလုပ်သမား စာချုပ်ရှိရမယ်။ တချို့စက်ရုံမှာ စာချုပ်မရှိဘူး။ အလုပ်သမား အခွင့်အရေး ကာကွယ်ပေးမယ့်၊ တောင်းဆိုပေးမယ့် အလုပ်သမား သမဂ္ဂတွေ မရှိဘူး။ အလုပ်သမားတွေဘက်က ရပ်တည်တဲ့ အလုပ်သမား သမဂ္ဂတွေ မရှိတဲ့ အခါကျ ပြဿနာတွေက မဖြစ်သင့်ဘဲနဲ့ အခုလို ပေါက်ကွဲပြီး ကြီးကြီးမားမား ဖြစ်လာတယ်လို့ မြင်တယ်” ဟု ရောင်ခြည်ဦး အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ကိုမိုးဆွေက မဇ္စျိမကို ပြောသည်။
FTUB အထွေထွေ အတွင်းရေးမှူးချုပ် ဦးမောင်မောင်ကလည်း ''အထည်ချုပ် စက်ရုံ အလုပ်သမား တယောက်က တလကို လုပ်ခ ၄၈၀၀၀ (ကျပ်) ရတယ်လို့ အလုပ်ရှင်တချို့ ပြောတယ်။ ဒီလုပ်ခရဖို့ အလုပ်သမား တယောက်က နားချိန်နားရက် မရှိဘဲ အလုပ်လုပ်ရတယ်။ အလုပ်ရှင်တွေဟာ နအဖ ရဲ့ ဥပဒေအောက်မှာ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် မရှိဘူးဆိုတာကို အခွင့်ကောင်း ယူနေကြတာ'' ဟု မဇ္စျိမကို ပြောသည်။
ယမန်နေ့က လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြခဲ့သည့် တိုင်ရီ ဖိနပ်စက်ရုံ လုပ်သားများက အစိုးရ ရုံးပိတ်ရက်တွင် အလုပ်ရုံပိတ်ရန်၊ နားနေချိန် အပြည့်ပေးရန်၊ လုပ်သက်ဆုကြေးကို တနှစ်လျှင် (ကျပ်) ၂၀၀၀ တိုးပေးရန်၊ ရက်မှန်ကြေး မူလ ၃၀၀၀ မှ ၆၀၀၀ သို့ တိုးပေးရန်၊ နေ့တွက်ကြေး ၂၅ ကျပ်အစား ရ၅ ကျပ်တိုးပေးရန်နှင့် အချိန်ပိုကြေး ၅၅ ကျပ်အစား ၁၅၀ ပေးရန် အပါအဝင် တောင်းဆိုချက် ၁၀ ချက် တောင်းဆိုခဲ့သည်။
ထို့ပြင် လိုင်းကြီးကြပ်သူ စူပါများကို လစာငွေ ကျပ်တသောင်း တိုးပေးသော်လည်း ကျန်လုပ်သားများကို မတိုးပေးသဖြင့် ယခုလ ၈ ရက်နေ့မှ စတင်၍ ယမန်နေ့ထိ ဆန္ဒပြနေသည့် မြဖက်ရှင် (Opal 2) စက်ရုံက လစာငွေ တိုးပေးရန်၊ အလုပ်ချိန် နံနက် ရ နာရီမှ ည ၁၁ နာရီအထိကို လျှော့ပေးရန်နှင့် အလုပ်သမားများ စားသောက် နေထိုင်သည့် နေရာများ သန့်ရှင်းရန်တို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြပွဲသို့ စစ်ဒေသမှူး ဗိုလ်မှူးကြီးတင့်ဆန်း၊ ခရိုင်ကောင်စီ ခယက ဥက္ကဋ္ဌ ဦးနေလင်း၊ အလုပ်သမား ဦးစီးဌာနမှ ညွှန်ချုုပ် ဦးချစ်ရှိန်သည် လုံခြံုရေးများဖြင့် ဝင်ရောက် ဖြေရှင်းပေးခဲ့သည်။
၁၉၄ဝ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ ကွန်ဂရက် ABTUC ကို သခင်လေးမောင်နှင့် သခင်ဘက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး အလုပ်ရှင်နှင့် ဖြစ်ပွားသည့် အလုပ်သမားရေးရာများ၊ ပြဿနာများကို ဖြေရှင်းမှုများ ပြုလုပ်နိုင်ခဲ့သော်လည်း ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်တို့က အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်နှင့် အလုပ်သမား အခွင့်အရေးများ ပိတ်ပင်ခဲ့သည်။
ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်တွင် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ ကွန်ဂရက်အဖြစ် TUCB အဖြစ် ပြန်လည် ပေါ်ပေါက်ခဲ့သေးသည်။ ၁၉၆၂ ခုနှစ်တွင် အာဏာ ရှင်ဟောင်း ဦးနေဝင်း၏ လက်ထက်တွင် အလုပ်သမားသမဂ္ဂ အပါအဝင် လွတ်လပ်သော မည်သည့် သမဂ္ဂမျိုးမဆို ဖွဲ့စည်းခွင့် မပြုတော့ဘဲ ပိတ်ပင်ခဲ့တော့သည်။ သို့သော် အစိုးရများ ထိန်းချုပ်ကွပ်ကဲသည့် အလုပ်သမား၊ လယ်သမား အစည်းအရုံးများကိုမူ ဖွဲ့စည်းစေခဲ့သည်။
လွတ်လပ်သော အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ရရှိခဲ့စဉ်က အလုပ်သမားများ၏ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ပြဿနာများ၊ အလုပ်ရှင် အလုပ်သမားနှင့် အစိုးရကြား ညှိနှိုင်းဖြေရှင်းမှုများ ပြုလုပ်ပေးနိုင်ခဲ့သဖြင့် အရေးပါသော အဖွဲ့အစည်းတရပ် ဖြစ်ခဲ့သည်။
ထိုသို့သော သမဂ္ဂမျိုး ဖွဲ့စည်းခွင့် မရရှိသဖြင့် လက်ရှိမြန်မာနိုင်ငံတွင် အလုပ်သမား၊ လယ်သမား၊ လူ့အခွင့်အရေး၊ ကျောင်းသား၊ အမျိုးသမီးရေးရာ အစရှိသည့် အရေးကိစ္စများအတွက် တဖက်တလမ်းမှ စောင့်ကြည့်ဖြေရှင်းပေးသည့် မြေအောက် အဖွဲ့အစည်းများ တိတ်တဆိတ် တည်ရှိနေသော်လည်း ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။