မိုင်းရှူး ဘော်လုံးကွင်း မြေဖို့ ချဲ့ထွင်ရန် လူထုထံ ကျပ်သန်းချီ ငွေကောက်

မိုင်းရှူး ဘော်လုံးကွင်း မြေဖို့ ချဲ့ထွင်ရန် လူထုထံ ကျပ်သန်းချီ ငွေကောက်
မိုင်းရှူးမြို့ ဘော်လုံးကွင်းမြေဖို့ တိုးချဲ့ရန် နအဖ အရာရှိကြီးများက နှုတ်မိန့်ပေးပြီး မယက ဥက္ကဌ က လူထုထံ ပိုက်ဆံ နှင့် လုပ်အားများ နေ့စဉ်ရက်ဆက် ဆင့်ဆိုနေသည်ဟု ရတနာမြေ သတင်းရပ်ကွက်က...

မိုင်းရှူးမြို့ ဘော်လုံးကွင်းမြေဖို့ တိုးချဲ့ရန် နအဖ အရာရှိကြီးများက နှုတ်မိန့်ပေးပြီး မယက ဥက္ကဌ က လူထုထံ ပိုက်ဆံ နှင့် လုပ်အားများ နေ့စဉ်ရက်ဆက် ဆင့်ဆိုနေသည်ဟု ရတနာမြေ သတင်းရပ်ကွက်က ပြောပါသည်။

ဖေဖေါ်ဝါရီ ၃ ရက်နေ့က လားရှိုးအခြေစိုက် ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်နှင့် စရဖညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့ မိုင်းရှူးမြို့သို့ နေ့ချင်းပြန်သွားရောက်ကြပြီး ဘော်လုံးကွင်းတိုးချဲ့ ဆောက်လုပ်ရန် မယက ဥက္ကဌ ဦးစံဝင်းအား
ညွှန်ကြားခဲ့သည်ဟု ဆိုသည်။

“ခေတ်မှီ အားကစားကွင်းဖြစ်ဖို့တဲ့ - မွမ်းမံ မြေဖို့ တည်ဆောက်ခိုင်းတယ်။ စစ်အာဏာပိုင်တွေရဲ့ ပါးစပ်က ထွက်တဲ့ လေနဲ့ဘဲ အကူအညီပေးတယ်။ လုပ်ရတာ ပိုက်ဆံထည့်တာ ပြည်သူပေါ့ဗျာ” - မိုင်းရှူးဒေသခံတဦး ကပြော ပါသည်။

မိုင်းရှူးမြို့ပေါ်ရှိ ၄ ရပ်ကွက်စလုံး၊ ရပ်ကွက်တခု ကျပ် ၁၀ သိန်း (တစ်သန်း) ပိုက်ဆံကောက်ပေးရမည်ဟု ဆင့်ဆို သဖြင့် အိမ်ခြေများသည့် ရပ်ကွက်က တအိမ်ထောင် ပျှမ်းမျှ ၂,၀၀၀ ကျပ် မှ ၅,၀၀၀ ကျပ်လည်းကောင်း၊ အိမ် ခြေနည်းသည့် ရပ်ကွက်က ၁၀,၀၀၀ ကျပ်အထိလည်းကောင်း ပိုက်ဆံထည့်ရသည်ဟုဆို၏။  မြို့ပြင် ကျေးလက် လူထုအနေဖြင့် ကိုယ့်စားရိတ်နှင့် ကိုယ် အလှည့်ကျ နေ့စဉ်လုပ်အားပေးသွားရသည်ဟုလည်း အဆိုပါပုဂ္ဂိုလ်က ပြောသည်။

“နေ့တိုင်း တိုက်နယ်လိုက် အလှည့်ကျ လုပ်အားပေးသွားရတယ်။ မြေတူး၊ မြေဖို့၊ သယ်၊ ဖြန့် အလုပ်တွေ လုပ်ရတယ်။ ကျောက်ြုပန်းတို့၊ သဲ တို့လဲ တူး/သယ် ပေးရတယ်” - ဟု လုပ်အားပေးသွားသည့် ကျေးလက် ရွာသား တဦးက ပြောပါသည်။

မိုင်းရှူးမြို့ အားကစားကွင်းသည် မိုင်းရှူးမြို့ အမှတ် ၄ ရပ်ကွက်တွင်ရှိကြောင်း၊ မြို့တွင်းတွင် ရပ်ကွက် ၁,၂,၃,၄ ဟူ၍ရှိကြောင်း၊ မြို့ပြင်ဘက်တွင် နားပေ၊ ပန်ဇွဲ၊ ခိုဇုံ နှင့် အခြားတိုက်နယ်စု/ကျေးရွာအုပ်စု အများအပြား ရှိကြောင်း၊ ထိုကျေးရွာအုပ်စုများမှာ ကျေးလက်ရွာသားများက နေ့စဉ် အယောက် ၈၀ - ၁၀၀) လုပ်အားပေး သွားနေရကြောင်း မိုင်းရှူးမြ့ခံများ ပြောပြ ချက်အရသိရပါသည်။

Most read this week