မူစယ် တိုးချဲ့ကွက်သစ် ဒေသခံများ အတွက် အကျိုးမရှိ

မူစယ် တိုးချဲ့ကွက်သစ် ဒေသခံများ အတွက် အကျိုးမရှိ
သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ စွမ်စော်ရပ်ကွက်အတွင်းရှိ ရွှေသမင် ကွက်သစ်တိုးချဲ့ အိမ်မြေကွက်များရောင်းချ ခဲ့သော်လည်း ဒေသခံများဝယ်ယူနိုင်ခြင်းမရှိဘဲ ဒေသခံအာဏာပိုင်များနှင့် နီးစပ်သူများသာသိမ်းကြံုး ၀ယ်ယူကြကြောင်း...

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ စွမ်စော်ရပ်ကွက်အတွင်းရှိ ရွှေသမင် ကွက်သစ်တိုးချဲ့ အိမ်မြေကွက်များရောင်းချ ခဲ့သော်လည်း ဒေသခံများဝယ်ယူနိုင်ခြင်းမရှိဘဲ ဒေသခံအာဏာပိုင်များနှင့် နီးစပ်သူများသာသိမ်းကြံုး ၀ယ်ယူကြကြောင်း စုံစမ်းသိရသည်။

ရွှေသမင်တိုးချဲ့ကွက်သစ်၌ ပေ ၈ဝ x ၆ဝ အကျယ်ရှိ မြေကွက် ၆ဝ ခန့် ရှိပြီး  တစ်ကွက်လျှင် ကျပ် ၁၅ သိန်း နှုန်းဖြင့် မူစယ်ဒေသအာဏာပိုင်များက ၂ဝဝ၉ ဒီဇင်ဘာလလယ်ပိုင်းက စတင်ရောင်းချခဲ့သည်။

ရောင်းချသည့် မြေကွက်များအားလုံးကို ဒေသခံအာဏာပိုင်များနှင့် နီးစပ်သူများက သိမ်းကြံုးဝယ်ယူလိုက်သဖြင့် ဒေသခံများ မရရှိခဲ့ကြောင်း မူစယ်ဒေသခံတဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မူစယ်မြို့ စွမ်စော်ရပ်ကွက်မှာရှိတဲ့ ဒေသခံတွေရဲ့ လယ်မြေတွေကိုသိမ်းပြီး ရွှေသမင်ကွက်သစ်ဆိုပြီး တိုးချဲ့ ထားတာ၊ အဲဒီမြေကွက်တွေပေါ့ဗျာ အကွက်ချပြီး ပြန်ရောင်းတယ်။ အရပ်သားတွေတော့ တစ်ယောက်မှ မရဘူး အာဏာပိုင်တွေနဲ့ နီးစပ်တဲ့သူတွေပဲရသွားကြတယ်။ သူတို့ကနေတဆင့် လက်ဝေခံ ပြန်ရောင်းလို့ရတာတော့ ရှိတာပေါ့ ” ဟု ဒေသခံက ပြောသည်။

မြေကွက်ရရှိသူများက သတ်မှတ်ထားသည့် စည်းကမ်းနှင့်အညီ အိမ်ဆောက်နေထိုင်ရမည်ဖြစ်ပြီး  မလိုက်နာလျှင်ပြန်လည် သိမ်းယူခြင်း ခံရမည်ဖြစ်ကြောင်း သိရသည်။

မြေကွက်ရပြီး ရက် ၆ဝ အတွင်း ဝင်းထရံကာ၊ ရက် ၁၈ဝ အတွင်းအိမ်ဆောက်၊ ယင်လုံအိမ်သာဆောက်၊သတ်မှတ်ထား သည့် စည်းကြပ်ခွန်များပေးဆောင်၊ အများပိုင်မြေ ကျူးကျော်ခြင်းမပြု၊ သာယာလှပခြင်းကို အနှောက်အယှက်မပြုစသော စည်းကမ်းချက်များ သတ်မှတ်ထား ကြောင်းသိရသည်။