သျှမ်းပြည် (မြောက်ပိုင်း) ရွှေလီရေအား လျှပ်စစ်စီမံကိန်း အနီးဝန်းကျင်ရှိ မူစယ် နမ့်ခမ်း ဒေသခံများမှာ ယနေ့ အထိ တရုတ်ပြည်မှ လျှပ်စစ်မီးကို စျေးကြီးပေး ဝယ်သုံးနေရဆဲ ဖြစ်သည်။
အဆိုပါစီမံကိန်းမှ ၂ဝဝ၉ သြဂုတ်လ၌ လျှပ်စစ်မီး စတင် ထုတ်လွတ်ခဲ့သော်လည်း ဒေသခံများမှာမူ တရုတ် နိုင်ငံမှ လျှပ်စစ်မီးကို တစ်ယူနစ်လျှင် မြန်မာကျပ်ငွေ နှစ်ထောင်ကျော် (တရုတ်ငွေ ၁.၄ ယွမ်)နှုန်းဖြင့် ယခင် ကဝအတိုင်း ဆက်လက် ဝယ်ယူ သုံးစွဲနေရဆဲ ဖြစ်သည်။
စီမံကိန်းမှ ထွက်ရှိသည့် စွမ်းအင်ပမာဏ၏ ထက်ဝက်ကို တရုတ်နိုင်ငံသို့သွယ်တန်းပို့ရသဖြင့် တရုတ်ပြည်ထံမှတဆင့် ပြန်ဝယ်နေရ သကဲ့သို့ ဖြစ်နေကြောင်း မူစယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။
“ရွှေလီရေအားလျှပ်စစ် မီးကထွက်နေပြီပဲ ဒါပေမဲ့ ကျနှော်တို့ဒီမှာတော့ လုံးဝမသုံးရသေးဘူး ဒီမီးက တရုတ်ပြည်ထဲဝင် ကျနော်တို့က တရုတ်ပြည်က ပြန်ဝယ် သုံးနေရတယ် ”
“ကျနော်တို့ဒေသလဲ ရမယ်လို့ပြောထားခဲ့ပေမယ့် အခုထက်ထိ တရုတ်မီးပဲ စျေးကြီးကြီးနဲ့ သုံး နေရတာ တစ်ယူနစ် ၀မ်း ပွိုင့် ဖိုး ယွမ်နှုန်းနဲ့ ” ဟု သူက ပြောသည်။
ရွှေလီရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိသည့် လျှပ်စစ်မီးကို စီမံကိန်းအနီးဝန်းကျင်ရှိ မူစယ် နမ့်ခမ်း ကွတ်ခိုင်မြို့များ အပြင် နမ္မတူ သီပေါ ကျောက်မဲ လားရှိုး ပြင်ဦးလွင် ဗန်းမော်မြို့နယ်များ၌ပါ ဖြန့်ဖြူးမည်ဟု နအဖမီဒီယာများက ဖေါ်ပြခဲ့သည်။
လျှပ်စစ်မီးရမည်ဆိုသည့် ကချင်ပြည်နယ် ဗန်းမော်မြို့တွင်လည်း ယနေ့အထိ ခွဲတမ်းဖြင့်သာရရှိပြီး ပုံမှန်မီးလင်းရေး ကော်မတီအား တစ်လ ကျပ် ၅ဝဝ ပုံမှန်အခွန်ဆောင်နေရကြောင်း ဗန်းမော်မြို့ခံများက ပြောသည်။
တရုတ်က နည်းပညာနှင့်ငွေအရင်းအနှီးစိုက်ထုတ်၍ထွက်ရှိသည့် အကျိုးအမြတ်ကိုတစ်ဝက်စီခွဲယူကြရန်သဘောတူ ညီခဲ့ကြသော်လည်း ဒေသခံများအဖို့ လုပ်အားပေးလိုက်ရသည်သာ အဖတ်တင်ကြောင်း နမ့်ခမ်းဒေသခံ တစ်ဦးကပြော သည်။
ရွှေလီရေအားလျှပ်စစ်စီမံကိန်းသည် နမ့်ခမ်းမြို့နယ် မန်တပ်ကျေးရွာ အနီး ၂ဝဝ၂ ၌ စတင်အကောင် အထည် ဖေါ်ခဲ့ပြီး ၂ဝဝ၉ မေလပိုင်းတွင် ဖွင့်လှစ်ခဲ့ကာ ဗမာပြည်အတွင်းပိုင်းနှင့် တရုတ်နိုင်ငံအတွင်းသို့ ၂၃ဝ နှင့် ၂၂ဝ ဗို့ ကြိုးလှိုင်းများဖြင့် သွယ်တန်းပို့ဆောင်နေကြောင်း သိရသည်။