ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘုန်းတော်ကြီး ကျောင်းတကျောင်း မီးလောင်၍ ရုပ်ပွားတော် အများအပြား ဆုံးရှံုး

ဘင်္ဂလားဒေ့ချ်နိုင်ငံ ဘုန်းတော်ကြီး ကျောင်းတကျောင်း မီးလောင်၍ ရုပ်ပွားတော် အများအပြား ဆုံးရှံုး
by -
ထွန်းနိုင်
ဘင်္ဂလားဒေ့ချ်နိုင်ငံ ရွာတော်ခရိုင် ရုံမော်မြို့ယ် ပန်းချောင်းဝကျေးရွာတွင် ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ဘုန်းတော်ကြီး ကျောင်းတကျောင်းကို မီးလောင်ရာ ဗုဒ္ဓရုပ်ပွားတော် အများအပြား ဆုံးရှံုးသွားသည်ဟု...

ဘင်္ဂလားဒေ့ချ်နိုင်ငံ ရွာတော်ခရိုင် ရုံမော်မြို့ယ် ပန်းချောင်းဝကျေးရွာတွင် ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ဘုန်းတော်ကြီး ကျောင်းတကျောင်းကို မီးလောင်ရာ ဗုဒ္ဓရုပ်ပွားတော် အများအပြား ဆုံးရှံုးသွားသည်ဟု ကျောင်းထိုင် ဆရာတော်က ပြောသည်။

“ဆုံးရှံုးသွားတာက အများကြီးပါ။ ရွှေဘုရား ဆင်းထုတော် ၄ ဆူ၊ ကြေဆင်းထု ရုပ်ပွားတော် ၄၅ ဆူ မီးထဲ ပါသွားတယ်။ ကျောင်းမှာရှိတဲ ့ပစ္စည်း ဘာတခုမှမကျန်ခဲ့ဘူး။ တာကာငွေနဲ့ပြောရမယ်ဆိုရင် ၈ သိန်းကျော်ဖိုး ဆုံးရှံုးသွားပါတယ်။”

ကျောင်းကို မီးလောင်စဉ် အချိန်တွင် ကျောင်းထိုင်ဆရာတော်မှာ ပြင်ပသို့ ရောက်ရှိနေပြီး လူမရှိ အချိန်တွင် မီးလောင်သဖြင့် ကျေးရွာသားများက ရှို့မီး ဖြစ်နိုင်သည်ဟု ဝေဖန် ပြောဆို လျှက်ရှိသည်။

ကျေးရွာသား တဦးက “မီးလောင်နေတာကို ရွာသားတွေ မြင်တဲ့ အချိန်မှာ လမ်းလုပ်တဲ့ ကုလား သုံးဦး ကျောင်းထဲက ထွက်ပြေးသွားပါတယ်။ သူတို့ ရှို့တာ ဖြစ်နိုင်တယ်လို့ ရွာသားတွေက ယူဆနေကြပါတယ်။ ရွာသားတွေ ကျောင်းကို ရောက်တဲ့ အချိန်မှာ မီးက အရမ်းကို များနေပါပြီ။ ရွာသားတွေ မီးငြိမ်း သတ်တော့လည်း မီးအားကောင်းနေတာကြောင့် သတ်လို့ု မနိုင်တော့ပါဘူး။ ဒီရာသီမှာ ရွာသားတွေလည်း ရွာမှာ မရှိတာများပါတယ်။ အကုန်လုံး လိုလို တောင်ယာခုတ်ဖို့ တောကိုသွားနေတဲ့အချိန် ဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါ ကျောင်းမီးလောင်ပြီးနောက် ကျောင်းအနီးတွင် လမ်းလုပ်သူ ကုလားများမှာ လမ်းလုပ်သည့် နေရာမှ ထွက်ပြေးသွားကြသည်ဟု ရွာသားများက ပြောသည်။

“ရခိုင်ဝနဲ့ ရုံးမော်မြို့ ကို ပြေးဆွဲမယ့် ကားလမ်းဖေါက်လုပ်နေတဲ့ နေရာကို စစ်ဆေးဖို့ အာဏာပိုင်တွေနဲ့ ရွာသားတွေ သွားရောက်တဲ့ အချိန်မှာ လမ်းလုပ်သား ကုလားတွေ တယောက်မှ မရှိတော့ဘူး။ မီးလောင်မှုဖြစ်ပွားတဲ့ နေ့ကတည်းက ချက်ချင်း ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ သိရပါတယ်” ဟု ရွာသားတဦးက ပြောသည်။

ဒေသခံဘင်္ဂလားဒေချ့် အာဏာပိုင်များမှ အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး အနီးအနား ရွာများတွင် လိုက်လံ စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေပြီး တရားခံများကို အပူတပြင်း လိုက်ရှာနေသည်ဟု သိရသည်။

အဆိုပါ ကျောင်းကို လွန်ခဲ့သော နှစ်ပေါင်း ၃၇ နှစ် ကျော်က ဆောက်လုပ်ထားပြီး ဗုဒ္ဓဘာသာ အိမ်ခြေ ၅၀ ကျော်ခန့် ကိုးကွယ်နေသော ကျောင်းတကျောင်းလည်းဖြစ်သည်။

ယခုအခါ ရွာသားများမှာ စီးပွားရေး မပြေလည်မှုကြောင့် နောက်ထပ် ယခုကဲ့သိ်ု့ ကျောင်း တကျောင်း ဆောက်လုပ်ရန် မလွယ်ကူနိုင်သဖြင့် ရွာသားများနှင့် ဘုန်းကြီးမှာ အထူး စိတ်ပူ သောကများ ရောက်နေကြရသည်ဟု သိရသည်။

Most read this week