အင်တာနက်သုံးသူ မှတ်တမ်းပြုစုရန် အာဏာပိုင်များညွှန်ကြား

အင်တာနက်သုံးသူ မှတ်တမ်းပြုစုရန် အာဏာပိုင်များညွှန်ကြား
by -
ဖနိဒါ
အင်တာနက်ဆိုင်များတွင် လာရောက် အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို မှတ်တမ်း တင်ထားရမည်ဟု ပဲခူးမြို့နယ်ဥက္ကဌက ညွန်ကြားခဲ့ကြောင်း ပဲခူးမြို့ အင်တာနက် ဆိုင်ပိုင်ရှင်များက...

အင်တာနက်ဆိုင်များတွင် လာရောက် အသုံးပြုသူများ၏ ကိုယ်ရေး အချက်အလက်များကို မှတ်တမ်း တင်ထားရမည်ဟု ပဲခူးမြို့နယ်ဥက္ကဌက ညွန်ကြားခဲ့ကြောင်း ပဲခူးမြို့ အင်တာနက် ဆိုင်ပိုင်ရှင်များက ပြောသည်။

ယခုလ ၅ ရက်နေ့က မယက ဥက္ကဌ ဦးအောင်ဆွေမြင့် က အင်တာနက် ဆိုင်ပိုင်ရှင်များကို ခေါ်ယူကာ အထက်က အမိန့်အရဟု ဆို၍ အင်တာနက်အသုံးပြုသူများ၏ နာမည်နှင့် နေရပ်လိပ်စာ အပြည့်အစုံကို စာရင်း ပြုစုထားခိုင်းခြင်း ဖြစ်သည်။

“ကျနော်တို့ကို မနက်ပိုင်း ၁ဝ နာရီလောက်မှာ အစည်းအဝေးခေါ်တာ မယက ဥက္ကဌ ကနေလေ။ လာသုံးတဲ့ လူတွေ နာမည်၊ လိပ်စာကို မှတ်ခိုင်းတယ်။ ကျနော်တို့က သူတို့ပေးတဲ့ တာဝန်ကို လက်ခံတယ် ဆိုတဲ့အကြောင်း လက်မှတ်ထိုးခဲ့တယ်။ လောလောဆယ်တော့ လုံခြံုရေး စိတ်ချရအောင်လို့ ပြောတာဘဲ” ဟု ပဲခူးမြို့မှ အင်တာနက် ဆိုင်ပိုင်ရှင် တဦးက မဇ္စျိမကို ပြောသည်။

လာရောက် အသုံးပြုသူများ၏ အမည်စာရင်းများကိုသာ ယခင်က မှတ်လေ့ရှိပြီး ယခုအခါ နေရပ်လိပ်စာကိုပါ ရေးမှတ်ရမည် ဖြစ်သောကြောင့် အင်တာနက်သုံးစွဲသူ အများစု လူငယ်များအတွက် ပိုမိုတင်းကျပ်မှုကို ဖြစ်ပေါ်စေသည်ဟု အခြား အင်တာနက်ပိုင်ရှင် တဦးကလည်း ပြောသည်။

“လာသုံးတဲ့ သူတွေက အမှန်ပြောချင်မှ ပြောမှာပေါ့။ ဒါပေမဲ့ ကျနော်တို့လဲ သူတို့ပြောတာဘဲ မှတ်ရတာပေါ့လေ။ ဟုတ်တာလုပ်လုပ်။ မဟုတ်တာ လုပ်လုပ်ပေါ့လေ။ ခုမေးလာတယ်ဆိုတော့ မလွတ်လပ်တော့ဘူးပေါ့။ နည်းနည်းတင်းကျပ်တယ်ပေါ့” ဟု သူက မဇ္စျိမကို ပြောသည်။

ပဲခူးမြို့တွင် အင်တာနက်ဆိုင်ပေါင်း ၂၀ ကျော်ခန့်ရှိကြောင်း၊ လျှပ်စစ် အလှည့်ကျသာ ရသောကြောင့် အများစုမှာ မီးစက်ကို အားထားနေကြရသဖြင့် အင်တာနက်အသုံးပြုခကို တနာရီ ၄၀၀ ကျပ် ယူကြောင်း သိရသည်။

ကျောင်းသားလူငယ် အများစုက ပဲခူးတွင် အင်တာနက် အသုံးပြုနေခြင်းဖြစ်ပြီး တင်းကျပ်မှုအသစ် ကြောင့် လတ်တလောတွင် အခက်အခဲ အများကြီး မရှိသေးကြောင်း ပဲခူး အင်တာနက်ဆိုင်ရှင်များက ပြောသည်။
အင်တာနက် အသုံးပြုသူ တဦးကမူ “ခင်တဲ့လူက သိနေတာဘဲ။ ကျနော်တို့က စီးပွားရေးတရပ်လို သုံးတာ မဟုတ်ဘူး။ ဗဟုသုတ ရချင်လို့ သုံးတာ” ဟု မဇ္စျိမကို ပြောသည်။

အင်တာနက်ဆိုင်များတွင် နာမည်စာရင်း ကောက်ခံနေခြင်းသည် လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အပိုဒ် ၁၉ ပါ “လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ ဝေငှဖြန့်ချီခွင့်တို့ရှိသည်” ကို ချိုးဖောက်ရာ ရောက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာသတင်းသမဂ္ဂ ဒုဥက္ကဌ ဦးဇင်လင်းက မဇ္ဈိမကို ပြောသည်။