စက်လှေမှောက်၊ အမျိုးသမီး ရုပ်အလောင်း ၂ လောင်း ဆယ်ယူရရှိ

စက်လှေမှောက်၊ အမျိုးသမီး ရုပ်အလောင်း ၂ လောင်း ဆယ်ယူရရှိ
by -
ခိုင်စု
ထိုင်းနိုင်ငံအတွင်းသို့ ကော့သောင်းခရိုင် နှစ်နိုင်ငံနယ်စပ်မြစ် ပါချန်မြစ်ဖျားမှနေ၍ လူ ၂၃ ဦးပါ စက်လှေဖြင့် ယခုလ ၅ ရက်နေ့ ညပိုင်းတွင် တိတ်တဆိတ် ဝင်ရောက်စဉ် စက်လှေ တိမ်းမှောက်ခဲ့ရာ ပျောက်ဆုံးနေသူများဟု ယူဆရသည့် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ညနေပိုင်းတွင်...

ထိုင်းနိုင်ငံအတွင်းသို့ ကော့သောင်းခရိုင် နှစ်နိုင်ငံနယ်စပ်မြစ် ပါချန်မြစ်ဖျားမှနေ၍ လူ ၂၃ ဦးပါ စက်လှေဖြင့် ယခုလ ၅ ရက်နေ့ ညပိုင်းတွင် တိတ်တဆိတ် ဝင်ရောက်စဉ် စက်လှေ တိမ်းမှောက်ခဲ့ရာ ပျောက်ဆုံးနေသူများဟု ယူဆရသည့် အမျိုးသမီးနှစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ညနေပိုင်းတွင် ဆယ်ယူရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

အမျိုးသမီးအများစု ပါရှိသည့် မြန်မာလုပ်သား ၂၀ ဦး၊ စက်လှေမောင်းသမား၊ ၄ နှစ်သားအရွယ် ကလေးငယ် တဦးနှင့် လူပွဲစားတဦး လိုက်ပါသည့် စက်လှေသည် အေးချမ်းသာရွာအနီးရှိ ပါချန်မြစ်မှ ထိုင်းနိုင်ငံ သစ်စက်နီအရပ်သို့ ဝင်ရောက်ရင်း တိမ်းမှောက်ခဲ့သဖြင့် အမျိုးသမီးနှစ်ဦး ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ကျန်လူများမှာမူ လွတ်မြောက်ခဲ့ကြသည်။

“ညဘက် ရ နာရီမှာ တာလပတ် အုပ်ထားတဲ့အခါကျ ရေဝင်ပြီး နစ်သွာတာ။ ၁၆ နှစ် ကောင်မလေး တယောက်နဲ့ ၄၀ နီးပါးရှိမယ့် အမျိုးသမီး တဦး ရေနစ်ကျန်ခဲ့ပြီး ကျန်တဲ့လူတွေက ပြန်လာတယ်။ လှေနစ်တယ်ဆိုလို့ ရွာကလူတွေ သွားရှာတော့လည်း မတွေ့ဘူး။ မနေ့က ညနေ ၃ နာရီလောက်မှ  ကောင်မလေးအလောင်း အရင်ပေါ်လာတယ်၊ ပြီးတော့ အမျိုးသမီး အလောင်း ပေါ်လာတယ်။ အခုတော့ အလောင်းတွေကို ကော့သောင်းဆေးရုံကို သယ်သွားကြတယ်” ဟု အေးချမ်းသာရွာခံ တဦးက မဇ္စျိမကို ပြောသည်။

ကော့သောင်းမြို့ခံတဦးကလည်း “ဒီမနက် ၉ နာရီခွဲက အေးချမ်းသာရွာနားမှာ မနေ့ကပေါ်တဲ့ အလောင်း နှစ်လောင်းကို ကော့သောင်း နာရေးမှု ကူညီမှု အသင်းက ကားနဲ့သယ်ပြီး ဆေးရုံပို့လိုက်ရတယ်” ဟု ပြောသည်။

ပုံမှန်အားဖြင့် စက်လှေတစီးတွင် ၁၈ ဦး ခန့်သာ စီးနင်းနိုင်သော်လည်း ယင်းနေ့တွင် လိုက်ပါသွားခဲ့သူ ၂၃ ဦး ရှိသည့်အပြင် အားလုံးကို တာလပတ်အုပ်၍ လိုက်ပါစေခဲ့သည်။

စက်လှေမောင်းသူမှာ နစ်မြုပ်သည့်နေ့မှ ယနေ့ထိတိုင် တွက်ပြေးတိမ်းရှောင်နေကာ၊ ပွဲစား အပါအဝင် ကျန်ရှိသည့် ၂၀ ဦးစလုံးကိုမူ အေးချမ်းသာ ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

အခင်းဖြစ်ပွားမှုနှင့်ပတ်သက်ပြီး အဆိုပါ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းကြည့်ရာ တာဝန်ကျ ဒုရဲမှူးက ဖြေကြားခြင်း မရှိပါ။

အထိန်းသိမ်းခံများထဲမှ ကလေးငယ်၏ မိခင်မှာ ယမန်နေ့ ည ရ နာရီခန့်တွင် သေဆုံးသွားကြောင်း သိရသည်။

“ကလေး နေမကောင်းလို့ ဆေးခန်းသွားပြတာ။ လမ်းမှာ အမေက နှလုံးရပ်သွားတယ်။ ဆေးခန်းရောက်တော့ သေနေပြီ။ သူ့ယောက်ျားလည်း အခု ရဲစခန်းမှာပဲ အဖမ်းခံနေရတယ်။ ရေနစ်သေသွားတဲ့ ကောင်မလေးရဲ့ အမေကလည်း ရဲစခန်းမှာပဲ” ဟု အေးချမ်းသာ ရွာခံက ပြောသည်။

Most read this week