နယ်ခြားစောင့်တပ် မပြောင်းဟု KIO ထပ်မံပြော

နယ်ခြားစောင့်တပ် မပြောင်းဟု KIO ထပ်မံပြော
by -
မျိုးကြီး
နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းဘဲ ငြင်းဆန်နေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က တိုင်းရင်းသား တန်းတူရေးကို ဆက်လက်တောင်းဆိုသွားမည်ဟု ယနေ့ကျရောက်သော ၄၉ နှစ်မြောက် ကချင်တော်လှန်ရေးနေ့တွင်...

နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းဘဲ ငြင်းဆန်နေသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က တိုင်းရင်းသား တန်းတူရေးကို ဆက်လက်တောင်းဆိုသွားမည်ဟု ယနေ့ကျရောက်သော ၄၉ နှစ်မြောက် ကချင်တော်လှန်ရေးနေ့တွင် ပြောဆိုလိုက်သည်။

ကချင်ပြည်နယ် လိုင်ဇာမြို့၌ ယနေ့နံနက် ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သော KIO ဥက္ကဋ္ဌ ဦးဇောင်းခရား၏ မိန့်ခွန်းတွင် ကိုလိုနီချယ်ချဲ့ လက်အောက်မှ မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူစဉ်က ချုပ်ဆိုခဲ့သည့် ပင်လုံစာချုပ်ပါအတိုင်း တိုင်းရင်းသား တန်းတူအခွင့်အရေးကို လိုလားကြောင်း ဖော်ပြပါရှိခြင်း ဖြစ်သည်။

“လက်နက်ကိုင် လူသတ်ချင်လို့၊ ပိုက်ဆံရှာချင်လို့ ဖွဲ့စည်းထားတဲ့ အဖွဲ့မဟုတ်ဘူး၊ ကချင်ပြည် လူထုတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ လိုချင်လို့ နဂိုကတည်းက ပင်လုံစာချုပ်မှာ သဘောတူထားပြီးမှ မပေးလို့ ကနေ့အထိ တော်လှန်ရေး လုပ်နေတဲ့အကြောင်း၊ စစ်အစိုးရက နယ်ခြားစောင့်တပ် ပြောလာရင်လည်း ပင်လုံစာချုပ်အတိုင်းပဲ တောင်းဆိုမယ်ဆိုတဲ့အကြောင်း ပြောတယ်'' ဟု အခမ်းအနား တက်ရောက်ခဲ့သည့် လိုင်ဇာမြို့ရှိ KIO အုပ်ချုပ်ရေး အရာရှိ တဦးက မဇ္စျိမကို ပြောပြသည်။

ဤသည်မှာ စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲ ဖွဲ့စည်းရန် ပြောဆိုထားရာ ပြီးခဲ့သည့် လကုန်ပိုင်းအထိ မြန်မာစစ်တပ်နှင့် KIO အကြား ထိုကိစ္စကို ၁၁ ကြိမ်တိုင် ဆွေးနွေးခဲ့သော်လည်း မပြေမလည်ဖြစ်နေချိန်တွင် KIO ဥက္ကဋ္ဌ မိန့်ခွန်းက နယ်ခြားစောင့်တပ် အဆိုပြုချက်ကို လက်မခံနိုင်ကြောင်း ထပ်မံပြောဆိုလိုက်ခြင်းလည်း ဖြစ်သည်။

လိုင်ဇာတွင် ယနေ့ ကျင်းပသည့် ကချင် တော်လှန်ရေးနေ့ အခမ်းအနားကို အကျဉ်းချုံး ကျင်းပကာ ဧည့်ပရိသတ် ၅၀၀ ခန့် တက်ရောက်ခဲ့သည်။

KIO အရာရှိက “အစီအစဉ်တွေကတော့ KIO သစ်တောနဲ့ စိုက်ပျိုးရေး ဝန်ကြီး ဗိုလ်မှူးကြီး နော်ဆန်က ဥက္ကဋ္ဌ ရဲ့ မိန့်ခွန်းကို ဖတ်ပြတယ်။ ပြည်ထဲရေးဒုဝန်ကြီး ဆလံကမ္ဘာ ဒွဲလီစက ပြန်ရှင်းပြတယ်။ နောက်ပြီး စစ်မှုထမ်းသက် ၁ဝ နှစ်ကနေ နှစ် ၄ဝ ရှိတဲ့  စာရင်းတွေ ဖတ်ပြတယ်။ ဒီလောက်ပဲ ကချင်လိုပဲ ပြောတယ်” ဟု ပြောသည်။

KIO ဗဟိုကော်မတီဝင် အများစုမှာ အခမ်းအနား မတက်ရောက်ကြောင်းနှင့် နေ့ခင်းတွင် အားကစားပြိုင်ပွဲများ၊ ညပိုင်းတွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

၄၉ နှစ်မြောက် ကချင် တော်လှန်ရေးနေ့ ပွဲတော်ကို ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်ရှိ KIA တပ်မဟာ ၁ နယ်မြေတွင်လည်း ယခုလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ  တခမ်းတနား ကျင်းပနေကြောင်းနှင့် လိုင်ဇာတွင် ကျင်းပသည့် ယနေ့ အခမ်းအနားသို့ စစ်အစိုးရ ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်း မရှိကြောင်း သိရသည်။

KIO သည် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလတွင် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအဆိုကို  ငြင်းဆန်နေသည့် အဖွဲ့များအနက် ကချင်ပြည်နယ်တွင် တဖွဲ့တည်း ကျန်ရှိနေသော လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

ကချင်ပြည်နယ်တွင် အပစ်ရပ် ကချင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ တည်ရှိရာ ဦးစခုံတိန်ယိင်း ဦးဆောင်သော ကချင် ဒီမိုကရေစီသစ် တပ်မတော် NDA-K သည် စစ်အစိုးရက တောင်းဆိုထားသည့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် သဘောတူခဲ့ပြီး၊ ဝိုင်းမော်မြို့နယ် လဝါးယန်ကျေးရွာရှိ ဦးလဆန်အောင်ဝါ ဦးဆောင်သော KIO မှ ခွဲထွက်အဖွဲ့သည် ပြည်သူ့စစ်အဖြစ် မြန်မာစစ်တပ် အလိုကျ အသွင်ပြောင်းခဲ့သည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရေး အဆိုပြုချက်တွင် တပ်ရင်းတရင်းစီတွင် တပ်သားဦးရေ ၃၂၆ ဦး ရှိမည်ဖြစ်ပြီး မြန်မာ့တပ်မတော်မှ စစ်သား ၃ဝ ဦး ပါဝင်မည်။

ထို့ပြင် တပ်ဖွဲ့ဝင်များ၏ လစာကို ဗဟိုအစိုးရက ထုတ်ပေးမည်ဖြစ်ပြီး အုပ်ချုပ်မှုအရလည်း မြန်မာ့တပ်မတော် လက်အောက်၌ပင် ထားရှိမည်ဖြစ်သည်။