ချင်းပြည်သူများ ရိက္ခာလိုအပ်ဆဲ

ချင်းပြည်သူများ ရိက္ခာလိုအပ်ဆဲ
by -
ဆလိုင်း ဟံသာစန်း
ချင်းပြည်နယ်အတွင်း ရိက္ခာရှားပါးမှု ဖြစ်ပွားခဲ့သည်မှာ ၃ နှစ်ကျော် ကြာမြင့်ခဲ့သော်လည်း ချင်းပြည်သူများအဖို့ ယနေ့တိုင် ရိက္ခာပြဿနာများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ချင်း အရေးပေါ် ရိက္ခာကူညီရေးအဖွဲ့တဖွဲ့က...

ချင်းပြည်နယ်အတွင်း ရိက္ခာရှားပါးမှု ဖြစ်ပွားခဲ့သည်မှာ ၃ နှစ်ကျော် ကြာမြင့်ခဲ့သော်လည်း ချင်းပြည်သူများအဖို့ ယနေ့တိုင် ရိက္ခာပြဿနာများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ချင်း အရေးပေါ် ရိက္ခာကူညီရေးအဖွဲ့တဖွဲ့က ပြောဆိုသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP နှင့် ကုလသမဂ္ဂအဖွဲ့ UNDP အပါအဝင် လူသားချင်းစာနာသည့် အန်ဂျီအိုအဖွဲ့များက ကူညီနေကြသော်လည်း ချင်းပြည်သူများအတွက် ရိက္ခာလိုအပ်နေဆဲဖြစ်ကြောင်း ချင်းပြည်နယ်အတွင်းသို့ ဝင်ရောက်၍ ရိက္ခာပေးဝေနေသည့် CFERG ခေါ် ချင်း အရေးပေါ် ရိက္ခာကူညီပေးရေးအဖွဲ့က ယခုလို ပြောဆိုခြင်း ဖြစ်သည်။

“ကျနော်တို့ ၂ဝဝ၉ ခုနှစ်ထဲမှာ မြို့နယ် ၆ မြို့နယ်က ရွာပေါင်း ၃၄ ရွာကို ဆန်အိတ် ၁၃၉၈ အိတ် ပေးခဲ့တယ်။ ဒီပမာဏဟာ တကယ့် ရိက္ခာလိုအပ်ချက်ရဲ့ ၃ ရာခိုင်နှုန်း လောက်ပဲရှိတယ်လို့ ကျနော်ထင်တယ်” ဟု CFERG အတွင်းရေးမှူး ကိုခေါမာက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “ကျနော်တို့ဆီကို ရွာတွေကနေ ရိက္ခာတောင်းတဲ့ စာတွေ အများကြီး ဝင်လာနေတယ်။ သူတို့ရွာမှာ အိမ်ခြေဘယ်လောက်ရှိတယ်။ လူဦးရေ ဘယ်လောက်၊ ဘယ်လို ငတ်တယ်ဆိုတာ ရေးထားတဲ့စာတွေ” ဟု ပြောသည်။

CFERG သည် ပြည်ပရောက် ချင်းပြည်သူများ၊ ဘာသာရေးနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ကူညီမှုများကို အိန္ဒိယ-မြန်မာနယ်စပ် ဒေသများမှတဆင့် ချင်းပြည်နယ်အတွင်း ဝင်ရောက်၍ ရိက္ခာလိုအပ်နေသူများထံ ရိက္ခာများ ပို့ပေးနေသည့် မီဇိုရမ်ပြည်နယ်အခြေစိုက် အစိုးရမဟုတ်သော အဖွဲ့တခုဖြစ်သည်။

CFERG အဖွဲ့က မြန်မာ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ချ်နယ်စပ် တလျှောက်ရှိ ကျေးရွာပေါင်း ၂ဝဝ ခန့်မှ ချင်းပြည်သူ ၁ သိန်းခန့်မှာ အစာရေစာရှားပါးသည့် ပြဿနာ ယခုတိုင် ရင်ဆိုင်နေရကြောင်း ၎င်းတို့၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

CAD, KARET, WORLD VISION, ဂရုဏာ မြန်မာလူမှုအကူအညီပေးရေးအဖွဲ့ (KMSS) စသည့် အကူအညီပေးရေး အေဂျင်စီများ၏ လေ့လာဆန်းစစ်ချက်များအရ ကြွက်ကပ်ကြောင့် စားနပ်ရိက္ခာ လိုအပ်နေသော ကျေးရွာပေါင်းမှာ ချင်းပြည်နယ်တွင် ၁၃၉ ရွာရှိနေပြီး လူဦးရေ အနည်းဆုံး ၆ သောင်းခန့်မှာ ထိုဘေးဒုက္ခကို ခံစားနေကြရသည်ဟု ဆိုသည်။

ချင်းပြည်နယ်တွင် နှစ် ၅၀ လျှင် တကြိမ်ကျ ဖြစ်လေ့ရှိသည်ဆိုသော ဝါးသုဉ်းခြင်းကို ၂ဝဝ၆ ခုနှစ်အတွင်း ဒေသအနှံ့ ဖြစ်ပွားခဲ့သဖြင့် ကြွက်များ ပိုမိုမျိုးပွားလာပြီး သီနှံစိုက်ခင်းများကို ဖျက်ဆီးစားသောက်သဖြင့် ဒေသခံများမှာ စားနပ်ရိက္ခာ အခက်အခဲများ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။

ကြွက်ကပ်ကြောင့် တောင်ပိုင်းဒေသများတွင် ပြန်လည်ထူထောင်ရန် များစွာလိုအပ်နေပြီး ကျန်းမာရေးနှင့် ပညာရေးပိုင်းတွင်လည်း အလွန်နိမ့်ကျနေသည်ဟု CFERG အတွင်းရေးမှူး ကိုခေါမာက ဆိုသည်။

ပြီးခဲ့သည့်နှစ်အတွင်းကလည်း တိရစ္ဆာန်များ ဖျက်ဆီးခြင်း၊ မိုးခေါင်ခြင်းနှင့် ရာသီဥတု ဖောက်ပြန်ခြင်းတို့ကြောင့် ကန်ပက်လက်၊ ထန်တလန်၊ မတူပီ၊ မင်းတပ်နှင့် ဖလမ်းမြို့နယ် အနောက်ပိုင်း ဒေသများတွင် သီးနှံများ ဆုံးရှုံးခဲ့ကြောင်း သူက ဆက်ပြောသည်။

MFRC အမည်ရှိ ဒုက္ခသည်ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဆာဆာက ချင်းပြည်နယ်အတွင်း ၂ဝဝ၉ ခုနှစ်အစောပိုင်းက လှည့်လည်ဆေးကုသခဲ့ရာ ဒုက္ခသည်အများစုမှာ ငှက်ဖျား၊ အစာအိမ်၊ သွေးအားနည်း ရောဂါနှင့် မိခင်လောင်းများ ကိုယ်ဝန်ပျက်ကျခြင်း၊ ဝမ်းဗိုက်အတွင်း ကလေးသေဆုံးခြင်း၊ မွေးဖွားရန် အားအင်မရှိခြင်း၊ သန္ဓေသား ကြီးထွားမှု နှေးကွေးခြင်း စသည့် အာဟာရချို့တဲ့မှုကြောင့် ရောဂါအများအပြား ဖြစ်ပွားနေသည်ကို တွေ့ရှိရကြောင်း ထိုနှစ်အတွင်းက မဇ္စျိမကို ပြောကြားခဲ့ဖူးသည်။

WFP က ၂ဝဝ၈ ခုနှစ်အတွင်း အခြား နိုင်ငံတကာနှင့် ဒေသခံ ကယ်ဆယ်ရေး အေဂျင်စီများမှတဆင့် ချင်းပြည်နယ်ရှိ ဒုက္ခသည်များကို ကူညီရန် ဆန် ၁၄၅၁ တန် ပေးပို့ခဲ့သည်ဟု ရန်ကုန်မြို့ရှိ ကျေးလက် ဖွံ့ဖြိုးရေး အေဂျင်စီ (CAD) ၏ မြန်မာနိုင်ငံ ဒါရိုက်တာကလည်း ပြီးခဲ့သည့်နှစ်အတွင်းက မဇ္စျိမကို ပြောဆိုခဲ့ဖူးသည်။

၂၀၀၉ ခုနှစ် တနှစ်တာအတွင်း WFP က ဟားခါး၊ ထန်တလန်၊ တွန်းဇံ၊ တီးတိန်၊ ဖလမ်းနှင့် မတူပီမြို့နယ်များတွင် အစားအစာနှင့် လုပ်အား လဲလှယ်သည့် (Food For Work Program) အစီအစဉ်ဖြင့် ဆန် ၁၀၈၈ တန်နှင့် ငွေကျပ် ၈၅ သန်း ကူညီပေးခဲ့ကြောင်း သိရသည်။

Most read this week