နိုင်အောင်နိုင်အဖွဲ့မှ ဘုရားသုံးဆူလိုင်ကားများအပေါ် အခွန်ကောက်ခံနေ

နိုင်အောင်နိုင်အဖွဲ့မှ ဘုရားသုံးဆူလိုင်ကားများအပေါ် အခွန်ကောက်ခံနေ
by -
နိုင်စန်း၊ မင်းသုခ
ဘုရားသုံးဆူ-သံဖြူဇရပ်၊ ဘုရားသုံးဆူ-အဘစ်သို့ ပြေးဆွဲနေသည့် လိုင်ကားများအပေါ် နိုင်အောင်နိုင်ဦးဆောင်သောအဖွဲ့မှ အခွန်ကောက်ခံရန် အဘစ်ကျေးရွာအနီးတွင် ဂိတ်ဆောက်ထားပြီး ဇန်နဝါရီလမှစကာ အခွန်ကောက်ခံနေကြောင်း...

ဘုရားသုံးဆူ-သံဖြူဇရပ်၊ ဘုရားသုံးဆူ-အဘစ်သို့ ပြေးဆွဲနေသည့် လိုင်ကားများအပေါ် နိုင်အောင်နိုင်ဦးဆောင်သောအဖွဲ့မှ အခွန်ကောက်ခံရန် အဘစ်ကျေးရွာအနီးတွင် ဂိတ်ဆောက်ထားပြီး ဇန်နဝါရီလမှစကာ အခွန်ကောက်ခံနေကြောင်း သိရသည်။

ကားတစ်စီးလျှင် (၅၀၀၀) ကျပ်ဖြင့် နိုင်အောင်နိုင်လက်အောက်ခံ အဖွဲ့သားသုံးဦးတို့က အဘစ်ကျေးရွာလမ်းဝမှ ထွက်လာမည့် ကားများကို အခွန်ကောက်ခံနေကြောင်း သိရသည်။

ယခင်က ဘုရားသုံးဆူလိုင်းကားအများစုသည် သံဖြူဇရပ်လမ်းဘက်သို့သာ အပြန်များသည်။ မုဒုံမြို့ဘက်မှ လမ်းမကောင်းသောကြောင့် ကားအဝင်အထွက် နည်းသည်။ ယခုအချိန်မှာ လမ်းခရီးကောင်းမွန်လာသောကြောင့် ခရီးသည်များ အဘစ်လမ်းဝသို့ ထွက်သည့်ကားဖြင့် အပြန်များနေသည်။

ယခင်က ကျေးရွာအတွင်းရှိ (ဂြိုဟ်တု) ဖုန်းများနှင့် (ကောလက်) ဖုန်းများအတွက် အကောက်အခွန်များကို (စရဖ) မှ ကောက်ခံနေပြီး၊  နိုင်အောင်နိုင်ဦးဆောင်သည့် အဖွဲ့မှ မြန်မာစစ်အစိုးရထံ လက်နက်အပ်နှင်လိုက်ပြီးနောက်ပိုင်း ထိုအကောက်အခွန်များကို နိုင်အောင်နိုင်တို့အဖွဲ့မှ ကောက်ခံနေသည်။

နိုင်အောင်နိုင်အဖွဲ့သားတို့သည် မြန်မာစစ်အစိုးရတို့၏ခွင့်ပြုချက်ဖြင့် လိုင်စင်မဲ့မော်တော်ကားများ အရောင်း အဝယ်ပြုလုပ်နေပြီး၊ နယ်စပ်ဘက်မှာလည်း လိုင်စင်မဲ့ မော်တော်ကားများ တင်သွင်းနေသည်။

ဖုန်းအခွန်များကို နိုင်အောင်နိုင်အဖွဲ့သို့ ပေးဆောင်ထားပြီးလျှင်၊ မည်သည့်အဖွဲ့ကိုမှ အခွန်ပေးစရာမလိုဘူးဟု  နိုင်အောင်နိုင်၏ လက်အောက်ငယ်သားများက ဖုန်းရှင်များကို ပြောထားသည်။ နိုင်အောင်နိုင်အဖွဲ့နှင့် နီးစပ်သောသူများက ဖုန်းအခွန်ကို ပေးနေရပြီး၊ နောက်ပိုင်း ဖုန်းရှင်များက နိုင်အောင်နိုင်အဖွဲ့သားများအပေါ်  ယုံကြည်မှုနည်းလာသောကြောင့် အကောက်အခွန်ပေးခြင်းကို ရပ်ဆိုင်းလိုက်ကြသည်။

လိုင်စင်မဲ့ရောင်းဝယ်ရေးလည်းအဆင်မပြေ၊ ဖုန်းအကောက်အခွန်ရရှိမှုလည်း နည်းလာသည့်အတွက် နိုင်အောင်နိုင်လက်အောက်ခံ နိုင်ရွှေဗျိုင်းနှင့် အဖွဲ့သားများက လွန်ခဲ့သည့် (၂၀၀၉) ခုနှစ်မှာ မုဒုံမြို့နယ်၊ နှီးပဒေါ်ကျေးရွာ၌ လောင်းကစားဝိုင်းဖွင့်ထားသည်ကို ရွာရှိ ဆရာတော်များနှင့် ရွာသားများတို့က သဘောမတူသည့် အတွက် အာဏာပိုင်များထံ တိုင်ကြားလိုက်သည်။ ထိုနောက်ပိုင်း အာဏာပိုင်မှ မော်တော်ဆိုင်ကယ်အပါအဝင် လူကိုပါ ဖမ်းဆီးလာသည်။

ကစာဝိုင်းဖွင့်နေချိန်မှာ နိုင်ရွှေဗျိုင်အဖွဲ့သားတို့က လာရောက်ကစားသူများကို “နင်တို့ ဒီမှာဝိုင်းဖွင့်ထားတာ ဘာမှကြောက်စရာမလိုဘူး၊ ငါတို့ တာဝန်ယူတယ်’’ ဟု ပြောသည်။ မကြာခင်မှာပဲ အာဏာပိုင်တို့ ကစားဝိုင်းဖမ်းရန် ရောက်လာပြီး၊ ဝိုင်းဖွင့်ထားသူများအပါအဝင် ထိုအဖွဲ့သားများလည်း ထွက်ပြေးရကြောင်း ကစားဝိုင်း ဖွင့်ထားသူတစ်ဦးက ပြောသည်။

ယခုချိန်မှာ နိုင်ရွှေဗျိုင်အဖွဲ့သားတို့သည် အဘစ်ကျေးရွာလမ်းဝမှ ထွက်လာနေသည့် ဘုရားသုံးဆူလိုင်ကားများအပေါ် အခွန်ကောက်ခံနေသည်။ ကားတစ်စီးမှာ (၇၀၀၀) ကျပ်တောင်းတယ်၊ သို့သော် ကားပိုင်ရှင်တွေက ပေးချင်သလောက်ေ ပေးနေကြတယ်၊ တချို့ဆို (၃၀၀၀) ထိပဲ ပေးနေကြကြောင်းကို ခရီးသည်တစ်ဦးက ပြောသည်။

“ကျနော်တို့ ဒီနေရာမှာ ဂိတ်လာဖွင့်တာဟာ အခွန်ကောက်ဖို့အတွက်ပဲမဟုတ်ဘူး ကျနော်တို့ မွန်လူမျိုးတွေကို ကာကွယ်စောင့်ရှောက်ဖို့ပဲ’’ ဟု နိုင်ရွှေဗျိုင်က ကားသမားများကို ပြောခဲ့ဖူးသည်။

Most read this week