ဖိနပ်ချုပ်စက်ရုံမှ ဆန္ဒပြ မြန်မာများ လုပ်ခတိုးရပြီ

ဖိနပ်ချုပ်စက်ရုံမှ ဆန္ဒပြ မြန်မာများ လုပ်ခတိုးရပြီ
by -
စိုင်းဇွမ်ဆိုင်း
လုပ်အားခ နည်းသဖြင့် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ တဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ မကြာသေးခင်က ဆန္ဒပြခဲ့သော မြန်မာ အလုပ်သမားများကို အလုပ်ရှင်က ယနေ့မှစ၍ တနေ့တာ လုပ်အားခကို ၄၇ ဘတ် အပိုဆောင်း...

လုပ်အားခ နည်းသဖြင့် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ တဖက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ မကြာသေးခင်က ဆန္ဒပြခဲ့သော မြန်မာ အလုပ်သမားများကို အလုပ်ရှင်က ယနေ့မှစ၍ တနေ့တာ လုပ်အားခကို ၄၇ ဘတ် အပိုဆောင်း ပေးလိုက်ပြီ ဖြစ်သည်။

မယ်ဆိုင်မြို့ Osaka စက်ရုံမှ မြန်မာအလုပ်သမားများကို ယခင်က တရက်လုပ်ခ အများဆုံး ၁၁ဝ ဘတ် အထိသာရသော်လည်း ယခုမူ ၁၅၇ ဘတ်အထိ တိုးမြှင့်ပေးလိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားများနှင့် အခွင့်အရေး လှုပ်ရှားသူများထံမှ စုံစမ်းသိရှိရသည်။

ယင်းစက်ရုံရှိ ထိုင်း-မြန်မာ အလုပ်သမားအားလုံး တန်းတူရရှိခြင်းလည်း ဖြစ်သည်။

“နေ့လည် ၁ နာရီက စက်ရုံမှာ အစည်းအဝေးလုပ်တယ်။ ၁ နာရီခွဲလောက်ကျတော့ အလုပ်သမားတွေကို ပြောတယ်တဲ့။ အားလုံးကို ၁၅၇ ဘတ် အပြည့်ပေးမယ်။ ဒါပေမဲ့ သူ့မှာရှိတဲ့ စည်းကမ်းတွေကိုတော့ အတိအကျ လိုက်နာရမယ်” ဟု ရွှေ့ပြောင်း လုပ်သားများအရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် MAP Foundation အဖွဲ့မှ တာဝန်ရှိသူ ကိုအေးက မဇ္စျိမကို ပြောသည်။

ထိုင်းအလုပ်သမားများနှင့် လုပ်ခတန်းတူ မရရှိသောကြောင့် လုပ်ခတိုးမြှင့်ပေးရန် စက်ရုံရှိ မြန်မာ အလုပ်သမား ရ၂ ဦးက ယခုလ ၂၃ ရက်နေ့၌ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြကာလအတွင်း ဦးဆောင်သည့် မြန်မာအလုပ်သမားခေါင်းဆောင် ၄ ဦးကို အလုပ်ထုတ်ခဲ့သဖြင့် MAP Foundation အဖွဲ့ကို တိုင်ကြားခဲ့ရာ အဖွဲ့တာဝန်ရှိသူများ သွားရောက်ဖြေရှင်းခဲ့ရာမှ ယခုလို လုပ်ခ တိုးမြှင့်ရရှိခြင်း ဖြစ်သည်။

အလုပ်သမားခေါင်းဆောင် ၄ ဦးမှာမူ အလုပ်ပြန်လုပ်ခွင့် မရကြသဖြင့် ထိုင်းအလုပ်သမား ဥပဒေအရ ၎င်းတို့ ရသင့်ရထိုက်သော နစ်နာကြေးများအတွက် ချင်းရိုင်မြို့ရှိ အလုပ်သမား အခွင့်အရေးနှင့် ကာကွယ်ရေးရုံးမှ တဆင့် စက်ရုံပိုင်ရှင်ထံ တောင်းဆိုထားကြောင်း သိရသည်။

“ဖောင်တွေ အားလုံး ဖြည့်ပြီးသွားပြီ။ လာမယ့် (ဖေဖော်ဝါရီလ) ၃ ရက်နေ့ကျရင် အလုပ်သမားရုံးက သူတို့ သူဋ္ဌေးကို ခေါ်ပြီးတော့မှ ပြဿနာကို ဖြေရှင်းပေးခိုင်းမယ်” ဟု ကိုအေးက ရှင်းပြသည်။

အလုပ်မှထုတ်ပယ်လျှင် လျော်ကြေးအဖြစ် လုပ်ခ ၃ လစာ အပိုရရှိနိုင်သည်ဟု အလုပ်သမား-အလုပ်ရှင် သဘောတူခဲ့သော်လည်း ထိုလျော်ကြေးကို မပေးသည့်အပြင် ဆန္ဒပြခဲ့သဖြင့် စက်ရုံဝင်ငွေ ဘတ် ၁ သိန်း ၆ သောင်း နစ်နာသည်ဟုဆိုကာ ယခုလ ၂၆ ရက်နေ့တွင် အလုပ်ရှင်ဘက်က ဆန္ဒပြခေါင်းဆောင် ၄ ဦးထံမှ နစ်နာကြေးပေးရန် တုံ့ပြန်ပြောဆိုပြီးနောက် ထိုနေ့၌ပင် ၎င်းတို့ ၄ ဦး အလုပ်ထုတ်ခံရသည်။

အလုပ်ထုတ်ခံရသော အလုပ်သမားခေါင်းဆောင် ၄ ဦးမှ တဦးက “ကျမတို့အမှုအတွက် ချိန်းထားတာက ၂ လပိုင်း ၃ ရက်နေ့ပေါ့နော်။ အဲဒီနေ့မှာ သူတို့က လျော်ကြေးပေးမယ်၊ မပေးဘူးဆိုတာတော့ မသိရသေးဘူး။ တကယ်လို့ မပေးဘူးဆိုရင်လည်း ကျမတို့က ရှေ့ဆက်တက်မှာပဲ” ဟု မဇ္စျိမ ကို ပြောသည်။

ခေါင်းဆောင် ၄ ဦးအတွက် အလုပ်သမား ကာကွယ်ရေးရုံးက နစ်နာကြေးပေးရန် အမိန့်ချ မပေးပါက သက်ဆိုင်ရာ တရားရုံးများမှတဆင့် ဥပဒေကြောင်းလမ်းအရ ဖြေရှင်းသွားနိုင်ရန် MAP Foundation မှ ကူညီသွားမည်ဟု သိရသည်။

“MAP မှာက ရှေ့နေတွေဘာတွေ ရှိပြီးသားပဲ။ တရားရုံးကနေ ဒီအမှု ပြီးဆုံးသည်အထိ တက်သွားမယ်” ဟု ကိုအေးက မဇ္စျိမကို ပြောသည်။

အလုပ်သမား ကာကွယ်ရေးရုံးက နစ်နာကြေးပေးရန် အမိန့်ချမှတ်ပါက တဦးလျှင် အနည်းဆုံး ဘတ် ၄ သောင်းနှင့် အထက် ရရှိမည်။

တာချီလိတ် တဖက်ကမ်း မယ်ဆိုင်မြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနှင့်ချီ ရှိသော်လည်း အလုပ်သမား အခွင့်အရေး သင်တန်းများကို ပို့ချပေးမည့် အဖွဲ့အစည်းများ မရှိသေးကြောင်းလည်း သိရသည်။

မြန်မာများအနေဖြင့် လုပ်အားခ ၁၅၇ ဘတ် ရရှိလိုက်ခြင်းသည် မယ်ဆိုင်မြို့၌ ပထမဆုံးဖြစ်ကြောင်း မြန်မာလုပ်သားများက ပြောဆိုကြသည်။