တရားမျှတသည့် ရွေးကောက်ပွဲလုပ်ရန် တိဘက် တိုက်တွန်း

တရားမျှတသည့် ရွေးကောက်ပွဲလုပ်ရန် တိဘက် တိုက်တွန်း
by -
ဆလိုင်းဟံသာစန်း
၂ဝ၁ဝ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတစွာဖြင့် ကျင်းပရန် တိဘက်လွှတ်တော် ဒုဥက္ကဋ္ဌက မြန်မာစစ်အစိုးရကို တိုက်တွန်း...

၂ဝ၁ဝ ရွေးကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတစွာဖြင့် ကျင်းပရန် တိဘက်လွှတ်တော် ဒုဥက္ကဋ္ဌက မြန်မာစစ်အစိုးရကို တိုက်တွန်းပြောကြားလိုက်သည်။

အဝေးရောက် တိဘက်အစိုးရ ရုံးစိုက်ရာ ဟင်မချယ် ပရာဒစ်ချ်ပြည်နယ် ဒရမ်ဆာလာမြို့သို့ တိဘက် ကျောင်းသားများ၏ ဖိတ်ကြားချက်အရ ၃ ရက်ကြာ သွားရောက်လည်ပတ်ခဲ့သော မြန်မာလူငယ်များကို ယခုလ ၂၅ ရက်နေ့တွင် လွှတ်တော် ဒုဥက္ကဋ္ဌက တွေ့ဆုံစဉ် စစ်အစိုးရကို ထို့သို့ တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရွေးကောက်ပွဲဟာ ဒီမိုကရေစီ နိုင်ငံတခု တည်ဆောက်တဲ့နေရာမှာ အရမ်းအရေးကြီးပါတယ်။ စစ်အစိုးရအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ တောင်းဆိုလိုပါတယ်။ ပြည်သူတွေကို သူတို့ရဲ့ မဲတွေနဲ့ သူတို့နှစ်သက်တဲ့လူကို တင်မြှောက်ရွေးချယ်ခွင့် ပေးသင့်ပါတယ်” ဟု တိဘက်လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်သူ Dolma Gyari က မဇ္စျိမကို ပြောသည်။

မြန်မာအစိုးရသည် ပြည်သူများအပေါ် ဖိနှိပ်အုပ်ချုပ်သည့် စစ်အစိုးရဖြစ်သဖြင့် ပြည်သူများ၏ မဲဆန္ဒများကို ဖိအားပေးရယူနိုင်ဖွယ်ရှိကြောင်း Dolma Gyari က ဆိုသည်။

“တိဘက်ပြည်သူတွေနဲ့ တိဘက်ပါလီမန်ဟာ တရားမျှတတဲ့ ရွေးကောက်ပွဲကို ယုံကြည်ပါတယ်။ ပြည်သူတွေဟာ အကြောက်အရွံ့မရှိဘဲ သူတို့နှစ်သက်တဲ့ ပါတီကို မဲပေးခွင့် ရှိတယ်။ ရွေးချယ်ခွင့် ရှိပါတယ်။ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးက ပြည်သူတွေကို ဖိနှိပ်တဲ့ အုပ်ချုပ်ရေး ဖြစ်တယ်။ ရွေးကောက်ပွဲမှာ ပြည်သူတွေဟာ တစုံတခုကို ကြောက်ရွံ့ပြီးတော့ မဲထည့်တာမျိုး မဖြစ်သင့်ပါဘူး” ဟု သူက ပြောသည်။

တိဘက်လွှတ်တော်အမတ်များကို ပြည်ပရောက် တိဘက်ပြည်သူများက  မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး Dolma Gyari သည် ပထမဆုံး အမျိုးသမီး လွှတ်တော် ဒု-ဥက္ကဋ္ဌ အဖြစ် ၂ဝဝ၁ ခုနှစ်တွင် ရွေးချယ်တင်မြောက်ခံခဲ့ရပြီး ၂ဝဝ၆ ခုနှစ်တွင်လည်း ဆက်လက်၍ ရွေးချယ်ခံခဲ့ရသူဖြစ်သည်။ လက်ရှိ လွှတ်တော်သက်တမ်းမှာ ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အထိ (၅ နှစ်) ဖြစ်သည်။

ခရီးစဉ်တွင် လိုက်ပါသွားသည့် မြန်မာလူငယ်တဦးဖြစ်သူ ကိုမင်းကိုက “လွှတ်တော် ဒု-ဥက္ကဋ္ဌပြောသလို တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင်တော့ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးပြီးတော့ သူတို့ကို ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ခိုင်းမှသာလျှင် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပါလိမ့်မယ်” ဟု မဇ္စျိမကို ပြောသည်။

အိန္ဒိယနိုင်ငံ နယူးဒေလီတွင် အခြေစိုက်ကာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသည့် Burma Centre Delhi (BCD) က သံဃာတော် ၂ ပါး အပါအဝင် အဖွဲ့ဝင် ၁၆ ဦးပါဝင်သော လူငယ်အဖွဲ့ကို ဦးဆောင်၍  ယခုလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ တိဘက်ဒေသသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့က ခရီးစဉ်အတွင်း တိဘက် နိုင်ငံရေးခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ တိဘက်အမျိုးသမီးအဖွဲ့များ၊ ကျောင်းသားအဖွဲ့များနှင့် တွေ့ဆုံကာ မြန်မာ့အရေး ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့ပြင် ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် လှုပ်ရှားမှုအပေါ် စစ်အစိုးရက အကြမ်းဖက် ဖြိုခွဲခဲ့သည်ကို မြန်မာသတင်းသမားများ မည်ကဲ့သို့ ကြိုးပမ်းဖော်ထုတ်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည့် Burma VJ အမည်ရှိ မှတ်တမ်းတင်ရုပ်ရှင်အား တိဘက်ပြည်သူများနှင့် ကျောင်းသားများကို ပြသခဲ့ကြသေးသည်။

တိဘက်လွှတ်တော် ဒုဥက္ကဋ္ဌက တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရေးအတွက် ယခုလို ပြောကြားခဲ့သော်လည်း စစ်အစိုးရသည် ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပမည်ဟုသာ ကြေညာခဲ့ပြီး၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနှင့် ပါတီမှတ်ပုံတင် ဥပဒေများကို ယနေ့တိုင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။

သို့သော် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီ (တစည)၊ ကြံ့ဖွံ့၊ စစ်အစိုးရနှင့် သင့်မြတ်သည့် နိုင်ငံရေးပါတီအချို့မှာ စည်းရုံးရေးဆင်းခြင်း၊ မဲဆွယ်ခြင်းများ ပြုလုပ်နေကြောင်း ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းကတည်းက သတင်းများ ထွက်ပေါ်နေသည်။

တရုတ်အစိုးရက ၎င်း၏ အုပ်ချုပ်မှုလက်အောက်သို့ တိဘက်ဒေသအား သွတ်သွင်း မှုကို မနှစ်သက်သဖြင့် ဘုန်းတော်ကြီး ဒလိုင်လားမားက တိဘက်ပြည်သူများကို ဦးဆောင်၍ ၁၉၅၉ ခုနှစ်တွင် အိန္ဒိယသို့ ထွက်ခွာလာခဲ့သည်။ ထို့နောက် အိန္ဒိယအစိုးရက ဟင်မချယ် ပရာဒစ်ချ်ပြည်နယ် ဒရမ်ဆာလာတွင် ၎င်းတို့ကို နေရာချထားပေးခဲ့ရာ တိဘက်ပြည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရရှိရေးအတွက် လှုပ်ရှားလျက်ရှိသည်။

ယခုအခါ ပြည်ပရောက် တိဘက်လူဦးရေမှာ ၁ သိန်း ၄ သောင်းကျော် ရှိနေပြီး၊ အများစုမှာ အိန္ဒိယတွင် နေထိုင်ကြကာ ပြည်ပနိုင်ငံ အများအပြားတွင်လည်း နေထိုင်လျက်ရှိကြောင်း တိဘက်အစိုးရက ၂ဝဝ၉ ခုနှစ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။