နေရောင်ခြည်သုံး စွမ်းအင်စနစ် မြန်မာနိုင်ငံတွင် စတင်တော့မည်

နေရောင်ခြည်သုံး စွမ်းအင်စနစ် မြန်မာနိုင်ငံတွင် စတင်တော့မည်
by -
စိုင်းဇွမ်ဆိုင်း
ကမ္ဘာ့အဆင့်မီ နေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင် (Solar Energy) စနစ်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် OK Myanmar Co. Ltd မှ စတင်တော့မည်ဟု ကုမ္ပဏီဝန်ထမ်းများထံမှ...

ကမ္ဘာ့အဆင့်မီ နေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင် (Solar Energy) စနစ်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် OK Myanmar Co. Ltd မှ စတင်တော့မည်ဟု ကုမ္ပဏီဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။

ဆက်သွယ်ရေး လုပ်ငန်းများတွင် အသုံးပြုသော မိုက်ခရိုဝေ့ဖ် တိုင်များနှင့် လျှပ်စစ်မီး ရရှိရန် ခက်ခဲသော နေရာများအတွက် ဝန်ဆောင်မှုပေးသွားရန် ရည်ရွယ်သည်ဟု ကုမ္ပဏီ ဝန်ထမ်းတဦးက ဆိုသည်။

“ဆက်သွယ်ရေး လုပ်ငန်းက မိုက်ခရိုဝေ့ဖ်တာဝါတိုင်တွေ၊ ပြီးတော့ မြစ်ရေတင်တဲ့ စီမံကိန်းတွေ ရှိတယ်။ လမ်းမီးတိုင်တွေ ရှိတယ်။ အဲဒီလို နေရာမျိုးတွေအတွက် အဓိက လိုချင်ကြတယ်” ဟု ကုမ္ပဏီမှ အင်ဂျင်နီယာ တဦးက မဇ္စျိမကို ပြောသည်။

ယခု ဝန်ဆောင်မှုကို ဂျပန်နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်းပြီး ကမ္ဘာ့အဆင့်မီ Sanyo အမှတ် တံဆိပ် ဂျပန်နိုင်ငံထုတ် ပစ္စည်းများကိုသာ အသုံးပြုသွားမည်ဟု ဆိုသည်။

လျှပ်စစ်ဓာတ် ၁ဝ မဂ္ဂါဝပ်မှ ၂ဝ မဂ္ဂါဝပ်ထိ ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး အာမခံနှစ် ၂ဝ ပေးမည်ဖြစ်ကြောင်း သိရသည်။ သို့သော် ဝန်ဆောင်မှုစရိတ်ကိုမူ အတိအကျ သတ်မှတ်၍ မရသေးကြောင်း ဝန်ထမ်းက ပြောသည်။

“ကျနော်တို့ဆီမှာရှိတဲ့ Solar Panel ပြားတွေဆိုရင် အကုန်လုံးက Serial (အမှတ်စဉ်) နံပါတ်တွေ ပါတယ်ဗျာ။ ဒီ Serial နံပါတ်တွေက အကုန်လုံးက register (မှတ်ပုံတင်) လုပ်ထားပြီးသား။ တကယ်လို့ ကျနော်တို့ကနေ ဝန်ဆောင်မှုပေးတယ်ဆိုရင် ဒီဝန်ဆောင်မှုက register ရှိတယ်ပေါ့” ဟု ကမ္ဘာ့အဆင့် မီသည့်အကြောင်း သူက ရှင်းပြသည်။

OK Myanmar ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်း ရောင်းချခြင်းနှင့် အစိုးရစီမံကိန်းအချို့ကို ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ဖူးသည်။ Daewoo နှင့် Sanyo အမှတ်တံဆိပ်ပစ္စည်းများ အရောင်းပြခန်းကို ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် ဖွင့်လှစ်ထားသည်။

ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် လာမည့်လ ၁ဝ-၁၄ ရက်ထိ ပြုလုပ်မည့် ဒုတိယအကြိမ် 547 Trading အထူးစျေးရောင်းပွဲတော်၌ Sanyo Solar Energy စွမ်းအင် လက်တွေ့ထုတ်လုပ် အသုံးပြုပုံ၊ သုံးစွဲသည့် ပစ္စည်းများနှင့် နိုင်ငံတကာတွင် သုံးစွဲနေခြင်းများကို ကုမ္ပဏီက ခင်းကျင်းပြသပေးမည်ဖြစ်သည်။

နေရောင်ခြည်သုံး လျှပ်စစ် စွမ်းအင်စနစ်သည် သဘာဝ ညစ်ညမ်းမှုကို မဖြစ်စေနိုင်သော်လည်း ကုန်ကျစရိတ် ကြီးမားကြောင်း လေ့လာသူများက ဆိုသည်။

မြန်မာနိုင်ငံတွင် နေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင်ကို  အကြီးစားစီမံကိန်းများတွင် အသုံးပြုမှု ယခုမှ စတင်မည်ဖြစ်သော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ ၂၀၀၃ ခုနှစ်ကတည်းက ကုမ္ပဏီများ စတင် ထူထောင်ပြီး ယင်းစနစ်ကို ဝန်ဆောင်မှုပေးခဲ့သည်။ ကုမ္ပဏီများ အနည်းဆုံး ၃ဝ ခန့်ရှိပြီး နိုင်ငံတဝှမ်းတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။

အမေရိကန် ပြည်ထောင်စု၊ နယူးမက္ကဆီကို ပြည်နယ်တွင် ၃ဝဝ မီဂါဝပ် ထုတ်လုပ်နိုင်သည့် နေရောင်ခြည် လျှပ်စစ်ပေးဝေရေး စခန်းတခုကို စပိန်ကုမ္ပဏီ Gestamp က အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ အကုန်အကျခံ၍ မကြာမီ တည်ဆောက်မည်ဟု လေ့လာသိရှိရသည်။ နှစ်စဉ် အိမ်ခြေ ၅ သောင်းကို လျှပ်စစ်စွမ်းအင် ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး စခန်းသည် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် တည်ရှိပြီး နှစ်စဉ် ၃၅၄ မီဂါဝပ် ထုတ်လုပ်ပေးလျက်ရှိသည်။