တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်နယ်စပ် ကုန်သွယ်ရေးဇုံ၌ ပို့ကုန်မှ ရရှိသောဝင်ငွေဖြင့် ကားသွင်းခွင့် ပါမစ် နှင့် စက်သုံးဆီ အရောင်းဆိုင်များအား ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ပိုင်ခွင့်ပြုမည်ဟု ဆိုပြီးနောက် ပို့ကုန်ဝင်ငွေ (export earning ) စျေးနှုန်းများ တက်နေကြောင်း နယ်စပ်ကုန်သယ်များက ပြောသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့ ငွေလဲနူန်းမှာ အမေရိကန် တစ်ဒေါ်လာ ကျပ် ၁၀၁၇ မှ ၁၀၂၂ ၊ FEC တစ်ယူနစ် ကျပ် ၁၀၃၀ ပေါက်စျေးရှိပြီး ပို့ကုန်ဝင်ငွေစျေးမှာ တစ်ဒေါ်လာ ကျပ် ၁၁၀၀ မှ ၁၁၁၀ အထိပေါက်နေကြောင်း သိရသည်။
၄င်းနှုန်းထား အရဆိုလျှင် ပို့ကုန်ဝင်ငွေစျေးနူန်းမှာ ဒေါ်လာနှင့်ကျပ်ငွေလဲနူန်းထက် ကျပ် ၉၀ ခန့် မြင့်လာသည့် အပြင် ကုမ္ပဏီများမှ အမြတ်ခွန်ရှင်းတမ်းတွင် တစ်ဒေါ်လာ ကျပ် ၅၀ ခန့်ပေးဆောင်ရသဖြင့်် ကျပ် ၁၄၀ ခန့် တက် လာခြင်း ဖြစ်ကြောင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုံမှ ကုန်သယ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ကားတွေ ပါမစ်ချပေးတာရယ် နောက် ဒီဇယ်လိုင်စင်ကြောင့်ပေါ့နော် earning တန်ဖိုးက အတက်ကြမ်း အကျ ကြမ်း တယ် မငြိမ်ဘူးပေါ့နော် ပုံမှန်ဆိုရင်တော့ ပို့နေကျကုန်တန်ဖိုးက ဒေါ်လာ ၁ သန်းဖို့ဆို သွင်းတာလည်း ဒေါ်လာ ၁ သန်းဖိုး လောက်ပဲ လိုတာပေါ့နော် ”
“အရင်ကတော့ ဒီဇယ်က FEC နဲ့ဝယ်လို့ရတာပေါ့နော် အခုက FEC က တက်လာတဲ့ အခါကျတော့ ဒီဇယ်သမား တွေက earning နဲ့ ပြန်သွင်းတဲ့အခါကျတော့ ပိုပြီးလိုသွားတာပေါ့လေ ကားသွင်းတဲ့လူတွေကလည်း ကားအ တွက် earning တွေဝယ်တော့ စျေးတက်လာတာပေါ့ ” လို့ ကုန်သယ်က ပြောသည်။
ယခုလို earning စျေးနူန်းများ မတည်မငြိမ်ဖြစ်ခြင်းကြောင့် ကုန်စျေးနှုန်းမြှင့်တက်လာနိုင်ပြီး စားသုံးသူများကို အဓိက နစ်နာစေကြောင်း သူက ဆိုသည်။
“ ပစ္စည်းသွင်းတဲ့ သူတွေကတော့ ဘာမှနာစရာမရှိဘူးလေ တက်တဲ့ ကျတဲ့ အပေါ်မှာ လိုက်တင်ပြီးရောင်းလိုက်ရုံ ပဲ နဲနဲ လေး ကသီ တာလောက်ပဲ ရှိတာပေါ့ ကျနှော်ပစ္စည်း တစ်ခု ၁၀ နဲ့ဝယ်ထားတယ် ဆိုရင် သွားရောင်းတဲ့အခါကျရင် ပုံမှန်က ၁၀ ၀ယ်ရင် ၁၁ ကျပ်ရောင်းမှာ ဒီမှာက ၁၁ ကျပ်ပေါက်နေတယ်ဆိုရင် ၁၂ ကျပ်တင်ရောင်းမှာပဲ စားသုံးသူဘက်ကကြည့် ရင်ပုံမှန် ၁၁ ကျပ်ဝယ်နေတာကနေ ၁၂ ကျပ်ဖြစ်သွားမယ်ပေါ့ ” လို့ ဆိုသည်။
earning စျေးနှုန်းမြင့်သွားလျှင် ကုန်စျေးနှုန်းမြှင့်သွားသည့် သဘောဖြစ်သဖြင့် ကုန်သယ်များဘက်မှ ရောင်းချရာ တွင် အခက်အခဲရှိလာမည်ဖြစ်ကြောင်း သိရသည်။
လာမည့် မတ်လ ၃၁ ရက် နေ့ နောက်ဆုံးထားကာ စက်သုံးဆီအရောင်း ဆိုင်အားလုံးကို ပုဂ္ဂလိကများသို့ လုပ်ကိုင်ခွင့် ပေးရန်ရှိကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဇန်နဝါရီလ ၂၃ ရက်နေ့က ကျင်းပသည့် မြန်မာ နိုင်ငံပုံနှိပ်သူများနှင့် ထုတ်ဝေ သူလုပ်ငန်းရှင်များအသင်း၏ ၁၈ ကြိမ် မြောက်နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
စစ်အစိုးရကစက်သုံးဆီတင်သွင်းရောင်းချသ့် လုပ်ငန်းများနှင့် အစိုးရဆီဆိုင်လုပ်ငန်းများအားလုံးကို ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်း နိုင်ရန် အတွက် ယခုအသင်းအား တည်ထောင် ပေးလိုက်ခြင်း ဖြစ်ကြောင်း၊ ယင်း အသင်းတွင် ဥက္ကဋ္ဌအဖြစ် ဦးတေဇနှင့် ဒုတိယ ဥက္ကဋ္ဌ (၁) အဖြစ် ဦးအောင်သက်မန်း တို့ကို ဇန္နဝါရီ ၂၃ ရက်နေ့က ရွေးချယ်တင်မြှောက်ပေးခဲ့ ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) မှ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်ဟု ဧရာဝတီသတင်းဌာနတွင် ဖေါ်ပြထားသည် ။