လေသူရဲတဦး သေဆုံးခဲ့ရသော ယခုလ ၂၂ ရက်နေ့က F-7 အမျိုးအစား ဂျက်တိုက်လေယာဉ် ပျက်ကျမှုကို စုံစမ်းစစ်ဆေးရန် မြန်မာလေတပ်က စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းခဲ့သည်ဟု လေတပ် သတင်းရပ်ကွက်များက ပြောသည်။
ဤစုံစမ်းရေး အဖွဲ့တွင် လေတပ် အင်ဂျင်နီယာဌာနမှ အင်ဂျင်နီယာအရာရှိ (EO) တဦးနှင့် ရန်ကုန် မင်္ဂလာဒုံ လေတပ်စခန်းမှ တပ်မှူးအပါအဝင် အရာရှိများ ပါဝင်မည်ဖြစ်သည်။
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေရာတွင် ယခုအခါ အကြို လေ့လာစုံစမ်းမှု အဆင့်ကို ရောက်ရှိနေပြီဟု လက်တုံ့ပြန်ခံရမည်ကို စိုးရွံ့၍ အမည်မဖော်လိုသူ အဆိုပါ သတင်းရပ်ကွက်က ပြောသည်။
ယခုအထိ ရရှိထားသော တွေ့ရှိချက်များအရ လေသူရဲ ဗိုလ်ကြီး ပြည့်ဖြိုးမျိုးသည် တရုတ်လုပ် F-7 ဂျက်တိုက်လေယာဉ်ကို စမ်းသပ် မောင်းနှင်နေစဉ် လေယာဉ်ဘီးများ ချမထားဘဲ ဆင်းသက်စဉ် ပျက်ကျသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
''ဖြစ်နိုင်တာက ဆင်းဖို့လုပ်တုန်း လေယာဉ်ဘီးတွေ ချမရတာနဲ့ လေသူရဲက လေယာဉ်က ခုန်ထွက်တဲ့ ခလုပ်ကို နှိပ်ခဲ့ပုံရတယ်။ ခလုတ်ကို နှိပ်ထားတာတွေ့ပြီး လေထီးက သူ့လည်ပင်းမှာ ပတ်နေတာ တွေ့ရတယ်'' ဟု အဆိုပါ သတင်းရပ်ကွက်က ပြောသည်။
လေတပ် အင်ဂျင်နီယာ တဦးဖြစ်သူ သတင်းရင်းမြစ်၏ ပြောကြားချက်အရ လေယာဉ်မှ ခုန်ထွက်သည့်အခါ အဆိုပါ လေသူရဲထိုင်ခုံသည် အမြင့်ပေ ၅၀၀၀ အထက်မှာသာ အလုပ်လုပ်ကြောင်းနှင့် လေထီးက လေသူရဲကိုယ်တွင် ပတ်နေသည်ကို ကြည့်ခြင်းအားဖြင့် လေယာဉ် ဆင်းသက်ခါနီးတွင် လေယာဉ်မှ ခုန်ထွက်သည့်ခလုပ် နှိပ်ခဲ့ပုံရသည်ဟု ဆိုသည်။
ယခု စုံစမ်းစစ်ဆေးမှုသည် ပြီးဆုံးသည်အထိ အချိန်တလခန့် ကြာမြင့်နိုင်ကြောင်း သတင်းရပ်ကွက်က အကဲဖြတ် ပြောဆိုသည်။
F-7 အမျိုးအစား ဂျက်တိုက်လေယာဉ်များသည် ပျံသန်းချိန် နာရီ ၃၀၀၀ ပြည့်လျှင် တစင်းလုံး ပြန်လည် ကြံ့ခိုင်ရေး ပြုလုပ်ရန် လိုအပ်သည်။ လေယာဉ်များ ဝယ်ယူစဉ် တရုတ်နိုင်ငံနှင့် သဘောတူညီချက်အရ လေယာဉ်များ ပြုပြင်ထိန်းသိမ်းရေးအတွက် မြန်မာ လေတပ်အရာရှိများကို တရုတ်နိုင်ငံက နည်းပညာသင်တန်းများ ပေးခဲ့သည်ဟု သတင်းရပ်ကွက်က ဆက်ပြောသည်။
ဗိုလ်ကြီးပြည့်ဖြိုးမျိုးသည် စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ဆင်း တဦးဖြစ်ပြီး အငြိမ်းစား ဗိုလ်မှူးတဦး၏ သားဖြစ်သည်။
သူ့တွင် ဇနီးနှင့် သားတဦး ကျန်ရစ်ခဲ့သည်။