ကရင်နီပြည်တွင်းရှိ ပြည်ပသတင်းမီဒီယာများနှင့် ထိတွေ့မှုခက်ခဲသည့်နေရာတွင် ကနေဒါနိုင်ငံရောက် ကရင်နီအမျိုးသား လူမှုအသိုင်းအဝန်းမှ ဒုက္ခဆင်းရဲများစွာဖြင့် နေထိုင်နေရသော ကရင်နီလူမျိုးများ၏ ဘဝအခြေအနေအရပ်ရပ်အား ဖေးမကူညီဖြေရှင်းပေးပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒေသအတွင်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကြိုးစားသွားမည်ဟု ထုတ်ပြန်ကြေညာသွားသည်။
“အခုလိုအချိန်ကာလမျိုးမှာ ပြည်တွင်းမှာ မှန်ကန်တဲ့ပြည်သူ ရင်ဖွင့်မှုတွေကို သတင်းနဲ့မီဒီယာ တွေဆီကို အရောက်ပို့ပေးဖို့လည်း လိုအပ်ပါတယ်။ နောက်ပြည်တွင်း လူငယ်တွေနဲ့ အမျိုးသား ပြည်လည်သင့်မြတ် ကျိုးပမ်းသူတွေအတွက် နည်းပညာကောင်းတွေလိုအပ်တယ်။ အဲ့ဒီလို ဖြစ်စဉ်တွေကို ကျနော်တို့ အနေနဲ့ အမှန်ကူညီပ့ံပိုး သွားဖို့ ကြိုးပမ်းမှာပါ” ဟု ကရင်နီ အမျိုးသား လူမှုအသိုင်းအဝန်း (ကနေဒါ) မှ ခွန်းမျိုးမင်းလတ်က ပြောသည်။
ကမ္ဘာပေါ်တွင်သတင်းအမှောင်ချသည့် နိုင်ငံများထဲက အဆိုးဝါးဆုံး အဆင့်တွင်ရှိသော မြန်မာနိုင်ငံသည် ကရင်နီပြည်ကဲ့သို့ လူနည်းစု တိုင်းရင်းသားများနေထိုင်သည့် ဒေသများရှိ ပြည်သူလူထုများကို ပြင်ပက မီဒီယာစာနယ်ဇင်းများနှင့် သတင်းအချက်အလက်များ ပေးပို့ခြင်းနှင့် ရယူခြင်းတို့ကို လုံးဝ ပိတ်ပင်တားမြစ်ထားပါသည်။
“ရွေးကောက်ပွဲ အပြီးမှာလဲ သတင်းမီဒီယာတွေကိုတော့ ကန့်သတ်မှုတွေ ရှိနေမှာပါ။ ဒါတွေကိုတော့ ကျနော်တို့နေနဲ့ လွတ်လပ်ခွင့်တွေပိုရလာအောင် လုပ်နေရမှာပါ။ သတင်းနဲ့ နည်းပညာက ကယားပြည်နယ် လူမှုအသိုင်းအဝန်း အတွက် မရှိမဖြစ် လိုအပ်နေတဲ့ကိစ္စပါ” ဟု ခွန်းမျိုးမင်းလတ်က ပြောသည်။
ပြည်တွင်းတွင် ဒုက္ခရောက်နေသော ကရင်နီပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဘဝအခြေနေအရပ်ရပ်ကို ကူညီဖြေရှင်းနိုင်ရန် ကနေဒါ နိုင်ငံတွင် အခြေချ နေထိုင် သော ကရင်နီအမျိုးသားတို့၏ ယဉ်ကျေးမှု၊ ဘာသာ စကား၊ ရိုးရာဓလေ့ထုံးတမ်းများနှင့် ကောင်းမွန်စွာနေထိုင်ရေးတို့အား ကရင်နီနိုင်ငံရေးပါတီများ၊ လူငယ် အဖွဲ့များ၊ လူထုအခြေပြုအသင်းများနှင့် ပူးပေါင်းပြီး ကရင်နီပြည် ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ ဖြစ်ပေါ်ရေးအတွက် တတ်နိုင်သည့် နည်းဖြင့် ကူညီဆောင်ရွက်သွားမည်ဟု ယမန်နေ့ တွင် ထုတ်ပြန် ကြောညာခြင်း ဖြစ်သည်။
“ကရင်နီပြည်တွင်း ဌာနေ လက်လွတ်သူများနှင့် ဒုက္ခသည်များ အနာဂါတ်ဘဝလုံခြံုမှုနှင့် တည်ငြိမ်အေးချမ်းစွာ ပြည်တွင်းပြန်လည် အခြေချနေထိုင်ရေး တို့ကိုကြိုးပမ်း သွားမည်” ဟု ကြေညာချက်ထဲတွင် ရေးသားထားသည်။
လုံခြံုမှုနှင့် ဒေသတည်ငြိမ်မှုကို ဖန်တီးပြီး အိုးအိမ်မဲ့ပြည်သူများ မိမိနေရပ်သို့ အေးချမ်းစွာ ပြန်လည် နေထိုင်နိုင်ခွင့်ရှိရန် ဒေသအာဏာပိုင်များနှင့် သင့်မြတ်သည့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်သည်။
၂၀၁၀ အတွင်း နိုင်ငံရေးပြောင်းလဲနေသော ကာလတခုတွင် ပြည်တွင်း ပညာရေး၊ ကျန်းမာရေးများ အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် သတင်းနည်းပညာ လွတ်လပ်ခွင့် ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ပြီး ဒေသတခုလုံး ဒုက္ခများ ဖြေရှင်းနိုင်ရန် စစ်မှန်သည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပိုမိုတည်ဆောက် သွားမည်ဟု ဆိုသည်။
၂၀၀၉ သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းအရ ၁၇၅ နိုင်ငံအနက် မြန်မာနိုင်ငံသည် လွတ်လပ်ခွင့် အနည်းဆုံးအဖြစ် ၁၇၁ မှာ ချိတ်နေပါသည်။ မြန်မာအောက်တွင် အီရန်နှင့် မြောက်ကိုရီးယားကဲ့သို့ ဆိုးရွားသည့် နိုင်ငံများသာ ရှိနေခဲ့သည်။