ရေတပ်နှင့် အမြှောက်တပ် အကောက်ကြမ်း၍ ရခိုင်လူထု အခက်ကြံု

ရေတပ်နှင့် အမြှောက်တပ် အကောက်ကြမ်း၍ ရခိုင်လူထု အခက်ကြံု
ရခိုင် ပင်လယ်ပြင်တွင် အခြေစိုက်ထားသော ရေတပ်သင်္ဘောများနှင့် အမြှောက်တပ်ရင်းများမှ ပင်လယ်ပြင်နှင့် မြစ်ချောင်းများတွင် သွားလာနေသော ပုဂ္ဂလိက မော်တော်ဘုတ်များနှင့် လှေသဗ္ဗာန်များမှ မတရားသဖြင့် ငွေကောက်နေသဖြင့် ရခိုင်လူထု အနေဖြင့် အထူး ဒုက္ခတွေ့နေကြသည်ဟု...

ရခိုင် ပင်လယ်ပြင်တွင် အခြေစိုက်ထားသော ရေတပ်သင်္ဘောများနှင့် အမြှောက်တပ်ရင်းများမှ ပင်လယ်ပြင်နှင့် မြစ်ချောင်းများတွင် သွားလာနေသော ပုဂ္ဂလိက မော်တော်ဘုတ်များနှင့် လှေသဗ္ဗာန်များမှ မတရားသဖြင့် ငွေကောက်နေသဖြင့် ရခိုင်လူထု အနေဖြင့် အထူး ဒုက္ခတွေ့နေကြသည်ဟု သတင်းရရှိသည်။

အမည်မဖေါ်လိုသူ ကျောက်ဖြူမြို့နယ်မှ စက်လှေပိုင်ရှင် တဦးက ရေတပ်နှင့် အမြှောက်တပ် အကောက်ကြမ်း နေပုံကို ယခုကဲ့သို့ ပြောသည်။

“တရားဝင် ကုန်ပစ္စည်းတွေ တင်တဲ့ စက်လှေရော၊ တရားမဝင် ကုန်ပစ္စည်းတွေ တင်တဲ့ စက်လှေရော အကုန်လုံးဆီက ကောက်ပါတယ်။ ငါးဖမ်းလှေတွေကလည်း ကောက်ပါတယ်။ ကောက်တာက နေရာတခုတည်းမှာ မဟုတ်ပါ။ ကျောက်ဖြူမြို့နယ်မှာ ဆိုရင် အနည်းဆုံးနေရာ (၅) နေရာကနေပြီး ကောက်နေတာဖြစ်ပါတယ်။ တရားမဝင် ကောက်ခံနေတာ ဖြစ်ပါတယ်။ ရေတပ် တခုနဲ့ တခု အပြိုင်အဆိုင် ကောက်ခံနေကြတာ ဖြစ်ပါတယ်။”

ရခိုင်ပင်လယ် ကမ်းခြေ တလျှောက်တွင် လူထုထံမှ မတရားသဖြင့် အကောက်ခွန် ကောက်ခံနေသော ရေတပ် စခန်းများမှာ ကျောက်ဖြူမြို့နယ်ရှိ အုန်းကျွန်း၊ အုန်းပြင်၊ သစ်ပုတ်တောင်နှင့် မြေပုံမြို့နယ် ငပသုံနှင့် ကျွန်းသာယာတို့တွင် တပ်စွဲထားသော အမြှောက်တပ်ရင်းတို့ ဖြစ်ကြသည်။

“ ဘယ်ကလာတဲ့ စက်လှေဘဲ ဖြစ်ဖြစ် လောင်းလှေဘဲ ဖြစ်ဖြစ် အဲဒီ စခန်းတွေမှာဆိုက်ကပ်ရပါတယ်။ ငါးဖမ်းလှေတွေလည်း ကပ်ရပါတယ်။ မကပ်ရင် ပိုက်ဆံ ၅၀၀၀ ကနေ ၅၀၀၀၀ ထိ ဒဏ်ငွေ ရိုက်ခံရပါတယ်။ သေနတ်ပစ်ပီး လှေတွေကို ကပ်ခိုင်းတာတွေ အပြင် လူတွေကို ရိုက်နက် ညှဉ်းပမ်းမူတွေလည်း ပြုလုပ်ပါတယ်။ လူထုတွေကတော့ အထူး ဒုက္ခရောက်နေကြရပါတယ်။ အထက်အာဏာပိုင်တွေကလည်း ဘာမှ တားဆီးတာ မလုပ်ပါဘူး” ဟု သူက ဆက်ပြောသည်။

၎င်းပြင် အဆိုပါ ရေတပ်နှင့် အမြှောက်တပ်များသည် စက်လှေ တစီးစီမှ ကျပ်ငွေ တသိန်းက တသိန်းခွဲထိ ကောက်ခံလေ့ရှိပြီး ပါလာသော ကုန်ပစ္စည်းပေါ်တွင် မူတည်ပြီး ငွေများ ကောက်ခံနေသည်ဟု သူက ပြောသည်။

ယခုကဲ့သို့ ပင်လယ်ပြင်တွင် ရေတပ်နှင့် အမြှောက်တပ်များ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပြီး လူထုအား နှိပ်စက်နေ သဖြင့် ရခိုင်လူထု အနေဖြင့် အဆိုပါ လုပ်ရပ်များ အပေါ် လူမျိုးရေးအရ အနိုင့်ကျင့်စော်ကားမူ အဖြစ် ရှု့မြင်နေကြသည်ဟု သူက ဆက်ပြောသည်။

Most read this week