ကြိုမပြောဘဲ အလုပ်ရပ်ဆိုင်းရာမှ အလုပ်သမားများ နစ်နာ

ကြိုမပြောဘဲ အလုပ်ရပ်ဆိုင်းရာမှ အလုပ်သမားများ နစ်နာ
by -
ခိုင်စု
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Han Thai သိုးမွှေးစက်ရုံက ကြိုတင်၍ အကြောင်း မကြားဘဲ ယခုလ ၂ဝ ရက်နေ့တွင် လုပ်ငန်းကို ၃ လကြာ ရပ်ဆိုင်းခဲ့သော်လည်း နစ်နာကြေးမရသဖြင့်  မြန်မာလုပ်သားများ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေကြရကြောင်း မဲဆောက် အလုပ်သမားအရေး လှုပ်ရှားသည့်...

ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Han Thai သိုးမွှေးစက်ရုံက ကြိုတင်၍ အကြောင်း မကြားဘဲ ယခုလ ၂ဝ ရက်နေ့တွင် လုပ်ငန်းကို ၃ လကြာ ရပ်ဆိုင်းခဲ့သော်လည်း နစ်နာကြေးမရသဖြင့်  မြန်မာလုပ်သားများ အလုပ်သမားအခွင့်အရေး ဆုံးရှုံးနေကြရကြောင်း မဲဆောက် အလုပ်သမားအရေး လှုပ်ရှားသည့် ကော်မတီက ပြောသည်။

ကြိုတင်အသိမပေးဘဲ အလုပ်ရပ်ဆိုင်းပါက အလုပ်သမားများကို သတ်မှတ်ထားသော နစ်နာကြေးများ ပေးဆောင်ရန် ထိုင်းဥပဒေက ဆိုထားသော်လည်း ထိုအခွင့်အရေး မရရှိသဖြင့် ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန၏ ကွန်ယက်တခုဖြစ်သော မြန်မာနိုင်ငံသားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီက ယခုလို ပြောဆိုခြင်း ဖြစ်သည်။

“စက်ရုံက နှစ်သစ်ကူးကတည်းက အလုပ်မရှိတာ။ အလုပ်သမားတွေက အလုပ်ယာယီ ရပ်ဆိုင်းခံရရင် လက်ရှိ တနေ့ လုပ်အားခရဲ့ ထက်ဝက်ကို အလုပ် ရှိရှိ၊ မရှိရှိ ခံစားခွင့်ရှိတယ်။ ဒီလိုအခွင့်အရေးတွေ ဆုံးရှုံးရင်  အလုပ်ရှင်ကို တိုင်လို့ရတယ်” ဟု ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက မဇ္စျိမကို ပြောသည်။

မြန်မာဦးရေ ၁၅ဝဝ ခန့် အလုပ်လုပ်ကိုင်နေသည့် ယခုစက်ရုံသည် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်မှ စတင်၍ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့ပြီး ယခုလ ၂ဝ ရက်နေ့တွင်မူ အလုပ်လည်ပတ်မှု ယာယီရပ်ဆိုင်းကြောင်း စက်ရုံမန်နေဂျာက အလုပ်သမားများအား ခေါ်ယူအသိပေးခဲ့ခြင်း ဖြစ်သည်။

နေရပ်မပြန်ဘဲ စက်ရုံတွင် ကျန်ရှိနေသော အလုပ်သမားများကိုမူ တနေ့လျှင် ဟင်းဖိုး ၂ဝ ဘတ်နှင့် ထမင်းသာ ကျွေးထားသည်ဟု ဦးမိုးကြိုးက ဆိုသည်။

ထိုင်းအလုပ်သမား ဥပဒေအရ အလုပ်ရှင်များသည် ယာယီအလုပ်ရပ်ဆိုင်းလိုလျှင်  အလုပ်သမားများနှင့် အလုပ်သမား စစ်ဆေးရေး အရာရှိကို တလကြိုတင်၍သော်လည်းကောင်း၊ အမြဲတမ်း ရပ်ဆိုင်းမည်ဆိုပါက ၂ လ  ကြိုတင်၍သော်လည်းကောင်း အကြောင်းကြားရန် လိုအပ်သည်ဟု ပြဋ္ဌာန်းထားသည်။

ယာယီရပ်ဆိုင်းမှုမျိုးဖြစ်ပါက အလုပ်ရပ်ဆိုင်းနေမည့် ကာလတလျှောက် အလုပ်သမားက တခြားလုပ်ငန်းသို့ ပြောင်းရွှေ့လုပ်ကိုင်ခြင်း မရှိဘဲ အလုပ်ပြန်ဝင်ရန် လက်ရှိစက်ရုံ၌ပင် ဆက်လက်၍ စောင့်ဆိုင်းနေပါက နေ့စဉ် ပေးရသည့် လုပ်ခငွေ ထက်ဝက်ကို အလုပ်ရှင်ဘက်က ပေးနေရမည်ဖြစ်သည်။

မြန်မာအလုပ်သမားများသည် ယခုစက်ရုံတွင် တနေ့လျှင် လုပ်အားခအဖြစ် ၁၅၁ ဘတ် ရရှိခဲ့သူများ ဖြစ်သည်။

အလုပ်ရပ်ဆိုင်းမှုကြောင့် အလုပ်သမား အများအပြားသည် အခြားစက်ရုံများသို့ ပြောင်းရွှေ့သွားသလို၊ အချို့မှာ နေရပ်ရင်း မြန်မာနိုင်ငံသို့ပင် ပြန်သွားကြသည်များ ရှိသည်။

ယခုကဲ့သို့ အလုပ်သမားအခွင့်အရေး ချိုးနှိမ်ခံနေရသော်လည်း အများစုမှာ ၎င်းတို့ အခွင့်အရေးများကို မသိရှိခြင်းနှင့် သိသူအချို့မှာလည်း အလုပ်ရှင် ကျေးဇူးများကို ထောက်ရှု၍ တိုင်ကြားခြင်း မရှိကြောင်း ဦးမိုးကြိုးက ပြောသည်။

အလားတူ စက်ရုံရပ်ဆိုင်းမှု ဖြစ်ရပ်မျိုးကို ပြီးခဲ့သည့်နှစ် မေလခန့်က မဲဆောက်ရှိ PAN TONG  သိုးမွှေးစက်ရုံမှ အလုပ်သမားများလည်း ကြံုတွေ့ခဲ့ကြရသေးသည်။

ကော်မတီ ဥက္ကဋ္ဌက “အဲဒီတုန်းကလည်း ဒီလိုပဲ ယာယီရပ်ဆိုင်းတယ်ဆိုပြီး အခုထိကို ပြန်မဖွင့်ဘူး။ ဘာလျော်ကြေး၊ နစ်နာကြေးမှ မရခဲ့ဘူး” ဟု  သူက ဆိုသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်  တရားဝင် မှတ်ပုံတင်ထားသော စက်ရုံပေါင်း ၂ဝဝ ကျော်နှင့် တရားမဝင် စက်ရုံပေါင်း ၄ဝဝ ကျော် တည်ရှိသည်။

မဲဆောက်တွင် မြန်မာလုပ်သား ၂ သိန်းခန့်ရှိပြီး အများစုမှာ စက်ရုံအလုပ်ရုံများတွင် ဝင်ရောက် လုပ်ကိုင်ကြပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြသည်ဟု ဦးမိုးကြိုးက ပြောသည်။