ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဗိုလ်ချုပ်ကြီး သာအေး ယခုလ ၂၀ ရက်နေ့က လာရောက်သဖြင့် ဗန်းမော်မှတဆင့် တရုတ်နိုင်ငံသို့ တပိုင်တနိုင် သစ်တင်ပို့နေသည့် မှောင်ခိုလမ်းကြောင်းကို တရက်ကြာ ပိတ်ပင်ခဲ့ရာမှ ယမန်နေ့က ပြန်ဖွင့်လိုက်သည်။
တရုတ်နယ်စပ်မြို့ နောင်တောင်းအထိ ဆိုင်ကယ်များဖြင့် သစ်သယ်ထုတ်နိုင်သည့် ကချင်ပြည်နယ် ဗန်းမော်နှင့် ရှမ်းပြည်နယ် နမ့်ခမ်း ဆက်စပ်ရာ သစ်ကယ်ရီ တောလမ်းကြောင်း ပြန်ဖွင့်ခြင်း ဖြစ်သည်။
“တနေ့က ဦးသာအေး လာတယ်ဆိုပြီးမှ ပိတ်ထားလိုက်တယ်။ တရက်ပဲနေပြီး ပြန်သွားပြီ။ အခု လမ်းကြောင်း ပြန်ကောင်းပြီဆိုတော့ ကျွန်းတိုက်နေတယ်လေ” ဟု ဗန်းမော်ရှိ သစ်ကယ်ရီသမားတဦးက မဇ္စျိမကို ပြောသည်။
ဗန်းမော်နှင့် မံစီမြို့နယ်အတွင်းရှိ သစ်တောများမှ ကျွန်းသစ်တုံးများကို ဆိုင်ကယ်ပေါ်တင်ကာ တောလမ်းအတိုင်း ရှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့ တဖက်ကမ်းရှိ တရုတ်နယ်စပ် နောင်တောင်း အရောက် သယ်ယူကြသည်။
သစ်သယ်ယူရာတွင် အခကြေးငွေယူ၍ သယ်သူများ ရှိသလို၊ ကိုယ်ပိုင် သယ်သူများလည်းရှိရာ ကယ်ရီ သယ်ခအဖြစ်မူ သစ်တတုံးလျှင် ကျပ် ၅၀၀၀ ရရှိကြသည်။
“တချို့ကျတော့လည်း ကိုယ့်ဟာကိုယ် ဝယ်ရောင်း လုပ်ကြတာပေါ့။ ကယ်ရီတင်ရင်တော့ ကျွန်းတုံးတတုံးကို ၅၀၀၀ (ကျပ်) ရတယ်။ လမ်းရှင်းခ အပြီးအစီး ရဲဘော်တွေတောင်းတဲ့ နေရာမှာ ကိုယ့်ဟာကိုယ်ရှင်း။ ထုံးစံကတော့ တစီးကို ၁၀၀၀ တောင်းတာပဲလေ။ အဖွဲ့လိုက်၊ အုပ်စုလိုက် လှည့်ရင် ကြိုးတားသလို တောင်းတာ။ စည်းကမ်း မရှိဘူး။ မတရားကို ပိတ်တောင်းတာ” ဟု ကယ်ရီသမားက ဆိုသည်။
“ဝမ်းတူးဖိုက် (၁၂၅) ဆိုင်ကယ်တွေပေါ့။ ၄ ပတ်လည်ပေါ့။ အရှည်က ၃ ပေ ။ နောင်တောင်းအထိ ဆိုင်ကယ် တစီးကို အတုံး ၂၀ လောက်အထိ တင်နိုင်တယ်။ ဖမ်းတာတွေလည်း ရှိတယ် ထောင်ထဲ ရောက်နေတာတွေလည်း အများကြီးပဲ” ဟု သူက ဆက်ပြောသည်။
ဗန်းမော် - မံစီဘက်မှ ဆိုင်ကယ်ဖြင့် တောလမ်းအတိုင်း တရုတ်နယ်စပ်အထိ ၅ နာရီ ကျော် မောင်းနှင်ရပြီး အာဏာပိုင်များက သစ်တင်ကားကြီးများကို ဖမ်းဆီးမှု များပြားသဖြင့် ဆိုင်ကယ်များဖြင့် ယခုလို သယ်ယူလာကြသည်။
“ကားကြီးတွေနဲ့ အရင်လို သယ်တာ မရှိသလောက် ဖြစ်သွားပြီ။ သေးသေးလေးတွေပဲ ပီကင်းဂျစ်တွေ၊ တုန်ဖုန်းအသေးလေးတွေလောက်ပဲ သယ်တော့တယ်။ သိပ်လည်း မလုပ်ရဲတော့ဘူးလေ။ တကယ်လည်း ဖမ်းတာကိုး” ဟု ကယ်ရီသမားက ဆိုသည်။
ယခုအခါ လူငယ်တော်တော်များများက ဆိုင်ကယ်ဖြင့် သစ်ကယ်ရီတင်ရန် ဗန်းမော်မြို့မှ ထွက်ခွာသွားသဖြင့် လက်ဖက်ရည်ဆိုင်များပင် လူပါးနေကြောင်း မြို့ခံ လက်ဖက်ရည်ဆိုင်ရှင်တဦးက ဆိုသည်။
“ မြို့ထဲမှာလည်း ရှင်းနေတာပဲ။ ဆိုင်ကယ်တွေ၊ ကားတွေ တောဘက် တက်သွားကြပြီ။ လူသိပ်မရှိဘူး” ဟု ဆိုင်ပိုင်ရှင်က ပြောသည်။