ရွေးကောက်ပွဲဥပဒေ နှောင့်နှေးနေ၍ မချင့်မရဲဖြစ်

ရွေးကောက်ပွဲဥပဒေ နှောင့်နှေးနေ၍ မချင့်မရဲဖြစ်

ရွေးကောက်ပွဲဥပဒေ မကြေညာသေးဘဲ နှောင့်နှေးနေခြင်းကြောင့် မိမိတို့အနေဖြင့် မည်သူ့ကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ရမှန်းမသိ ဖြစ်နေသည်ဟု စစ်အစိုးရကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စိုင်းပြင်းနေသော ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီတခုက ယနေ့ မချင့်မရဲ...

ရွေးကောက်ပွဲဥပဒေ မကြေညာသေးဘဲ နှောင့်နှေးနေခြင်းကြောင့် မိမိတို့အနေဖြင့် မည်သူ့ကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ရမှန်းမသိ ဖြစ်နေသည်ဟု စစ်အစိုးရကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စိုင်းပြင်းနေသော ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီတခုက ယနေ့ မချင့်မရဲ ပြောကြားလိုက်သည်။

ရွေးကောက်ပွဲဥပဒေကို မကြေညာသေးသဖြင့် မိမိတို့ ဒီမိုကရက်တစ်ပါတီအနေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပါ့မလားဟုပင် ပါတီခေါင်းဆောင်ပိုင်းအနေဖြင့် မရေမရာ ဖြစ်နေရကြောင်းနှင့် ပါတီဖွဲ့စည်း တည်ထောင်ရာ၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အချိန်အကန့်အသတ်ဖြင့်သာ ရှိနေမည့်အတွက်ကြောင့်ဖြစ်ကြောင်း ဒီမိုကရက်တစ် ပါတီ၏ အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းက မဇ္ဈိမကို ပြောသည်။

''ကျမတို့ကြားတာက ရွေးကောက်ပွဲဥပဒေကို ရွေးကောက်ပွဲနေ့မတိုင်ခင် ၃ လအလိုလောက်မှ ကြေညာမယ်လို့ ကြားတယ်။ ဒါတကယ်မှန်ရင် ဝင်ပြိုင်ဖို့ ခက်မှာပါ။ ဒါကြောင့် ကျမတို့ရပ်တည်ချက်ကို ပြန်သုံးသပ်၊ ပြန်စဉ်းစား နေရပါတယ်'' ဟု သူက ပြောသည်။

ဒီမိုကရက်တစ်ပါတီကို ယခင်ဒုဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီး ဒေါ်သန်းသန်းနု၊ ဝန်ကြီးချုပ်ဟောင်း ဦးဗဆွေ၏သမီး ဒေါ်နေရီဗဆွေတို့ အပါအဝင် ဝါရင့်နိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည်။

ဤအမျိုးသမီး ၃ ဦးသည် အထိန်းသိမ်းခံ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအရ ခေတ်ပြိုင်များဖြစ်ကြပြီး သူတို့၏ ဖခင်များသည်လည်း အင်္ဂလိပ်ကိုလိုနီလက်အောက်မှ လွတ်မြောက်ရေး မြန်မာ့လွတ်လပ်ရေးတိုက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်နှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်သည်။

ပထမအကြိမ် ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီး ဆယ်စုနှစ် ၂ ခုအကြာတွင် နောက်ထပ် အထွေထွေ ရွေးကောက်ပွဲတရပ်ကို ထပ်မံကျင်းပပါမည်ဟု စစ်အစိုးရက ကြေညာထားသော်လည်း ယခုအချိန်ထိ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်နှင့် ရွေးကောက်ပွဲဥပဒေများကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။ အဆိုပါ ရွေးကောက်ပွဲဥပဒေတွင် ရွေးကောက်မည့် ကိုယ်စားလှယ်လောင်းနှင့် ပတ်သက်သည့် လမ်းညွှန်မှုများ ပါဝင်မည်ဖြစ်သည်။

''အမှန်တကယ် ရွေးကောက်ပွဲကျင်းပမယ့်ရက် မတိုင်ခင် ၃ လပဲ ကြိုပြီး ရွေးကောက်ပွဲဥပဒေကို ထုတ်ပြန် ကြေညာမယ်ဆိုတဲ့ကိစ္စ ပြန်လည်သုံးသပ်ပေးဖို့ ကျမတို့ဥက္ကဋ္ဌ ဦးသုဝေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို မေတ္တာရပ်ခံထားပါတယ်။ အခုထိတော့ ဘာတုံ့ပြန်ချက်မှ ပြန်မရသေးပါဘူး'' ဟု ဒေါ်ချိုချိုကျော်ငြိမ်းက ထုတ်ဖော်ပြောဆိုသည်။

အခြားနိုင်ငံရေးပါတီများကဲ့သို့ပင် ဒီမိုကရက်တစ်ပါတီသည်လည်း ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် အနည်းဆုံး ၆ လမှ တနှစ်အထိ လိုအပ်သည်ဟု သူက ပြောသည်။ သူတို့တွင် မည်သူ့ကို ပါတီကိုယ်စားပြု ယှဉ်ပြိုင်စေမည်ဆိုသည်ကို ရှာဖွေရွေးချယ်ရန် လိုအပ်ပြီး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နိုင်ရန်အတွက်လည်း ပြင်ဆင်ချိန် လိုအပ်သည်ဟု ပြောသည်။

''အခုအချိန်မှာတော့ ဘယ်သူက ကိုယ်စားလှယ်လောင်းအဖြစ် အရည်အချင်းပြည့်မီတယ်ဆိုတာတောင် ကျမတို့မှာ မသေချာသေးဘူး။ အားလုံးက ဘာမှမသေချာသေးပါဘူး'' ဟု သူက ပြောသည်။

''ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် အစီအစဉ်ကို စွန့်လွှတ်လိုက်ဖို့တောင် ကျမတို့စိတ်ထဲမှာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ကျမတို့ထဲက တချို့က ဝင်ပြိုင်ဖို့ ဖြစ်နိုင်သေးတယ်လို့ ထင်နေသေးတာကြောင့် အခု ကျမတို့ရဲ့ အခြေအနေကို ပြန်သုံးသပ်တာတွေ လုပ်နေပါတယ်'' ဟု သူက ဆက်ပြောသည်။

သူတို့ရရှိထားသည့် သတင်းအရဆိုလျှင် ရွေးကောက်ပွဲဥပဒေကို ဧပြီလအတွင်း ကြေညာမည်ဖြစ်ပြီး ၃ လအကြာတွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟု ဆိုသည်။ သို့သော် စစ်အစိုးရ၏ လျှို့ဝှက်တတ်လွန်းသည့် သဘောသဘာဝကြောင့် သူရရှိထားသော သတင်းကို သီးခြားလွတ်လပ်စွာ အတည်မပြုနိုင်ပါ။

ဒီမိုကရက်တစ်ပါတီကို ၂ဝဝ၉ ခုနှစ် ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး အလုပ်အမှုဆောင်အဖွဲ့ဝင် ၁၅ ဦး ပါဝင်ကာ ဦးသုဝေက ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည်။

ဤသို့ စစ်အစိုးရက ရွေးကောက်ပွဲရက်ကို မကြေညာသေးသော်လည်း အခြားသတင်းရပ်ကွက်များ၏ အပြောအရ စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသော အရပ်သားအဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (USDA) သည် မကြာသေးခင်ကာလအတွင်း ရပ်ရွာအတွင်း လူထုအကျိုးပြု လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့သည်ဟု ဆိုသည်။ ဤသို့လုပ်ဆောင်ခြင်းသည် ရွေးကောက်ပွဲ မတိုင်မီ လူထု ယုံကြည်မှုနှင့် ထောက်ခံမှုကို ရရှိရန် ပြုလုပ်ခြင်းဖြစ်သည်ဟု အများက ယုံကြည်ကြသည်။