၅၈ နှစ်မြောက် ကယားဒေး အခမ်းအနားတွင် ယမန်နှစ်ထက် လူဦးရေထက်ဝက်ခန့် လျော့နည်း

၅၈ နှစ်မြောက် ကယားဒေး အခမ်းအနားတွင် ယမန်နှစ်ထက် လူဦးရေထက်ဝက်ခန့် လျော့နည်း
ယနေ့တွင် ကျရောက်သည့် ၅၈ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား တက်ရောက်သူဦးရေ ယမန်နှစ်များထက် ထက်ဝက်ခန့် လျော့နည်းသွားသည်ဟု အခမ်းအနားတွင်...

ယနေ့တွင် ကျရောက်သည့် ၅၈ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား တက်ရောက်သူဦးရေ ယမန်နှစ်များထက် ထက်ဝက်ခန့် လျော့နည်းသွားသည်ဟု အခမ်းအနားတွင် ကြေညာသွားပါသည်။

“ဒီနေ့ လူတွေ ခါတိုင်းနှစ်ထက် နည်းတယ်လို့ ပြောတယ်။ ခါတိုင်းနှစ်ဆို ၁ သောင်းနီးပါးတဲ့။ ခုက ၅၂၈၂  ဦး တက်တယ်။ အခမ်းအနားမှာ ကြေညာသွားတယ်” ဟု အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဒီမောဆိုမြို့မှ ဒေသခံတဦးက ပြောသည်။ အခမ်းအနား တက်ရောက်သည့် ကယန်းအမျိုးသမီးတစ်ဦးက “ခါတိုင်းဆို အိမ်ကသား လာတက်တယ်။ ခုလာမတက်ဘူး။ ကိုယ့်လူမျိုး နေ့ကိုဆို အလေးထားရမှာ” ဟု ပြောသည်။

ကယားဒေးဟု အခေါ်များသည့် ကယားပြည်နယ်နေ့ အခမ်းအနားကို ကန္ဒာရဝတီ ကျောက်သားရေပြင် ခန်းမတွင် ဖွင့်လှစ်ခဲ့ပြီး လွိုင် ကော်မြို့ပေါ်နှင့် နီးစပ်ရာ ကျေးရွာလူထုမိဘ၊ မီးတပ်ဖွဲ့၊ သူနာပြုဖွဲ့၊ ကြံခိုင်ရေး၊ ရဲအဖွဲ့၊ တိုင်းရင်းသားရိုးရာ ၀တ်ဆင်သည့် လူငယ်အဖွဲ့ နှင့် ဘင်ခရာအဖွဲ့တို့ တက်ရောက်ကြပြီး ယခုလို လူဦးနည်းပါးသွားရခြင်းမှာ ကိုယ့်လူမျိုးနေ့ကို စိတ်ဝင်စားမူနည်းလာခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောကြပါသည်။

“တစ်အိမ်ကို တစ်ယောက် လာရမယ် ပြောလို့ လာကြတာ။ နောက်ပြီး မလာတဲ့ လူကိုလဲ ဒဏ်ငွေ ရိုက်မယ်လို့ ပြောတယ်” ဟု အခမ်း အနားကို တက်ရောက်ခဲ့သော အသက် ၄၀ အရွယ် လွိုင်ကော်ဒေသခံတဦးက ပြောပါသည်။

နည်းပညာတက္ကသိုလ် ကျောင်းသူတဦးကလည်း “လူမျိုးရေး အသိပညာတွေ ဓလေ့တွေ သမိုင်းတွေကို နားလည်မူတွေ နည်းလာတယ်။ ထိန်းသိမ်းတတ်ဖို့ကို ဦးဆောင်မူတွေ မရှိကြတော့ဘူး။ အဖြစ်သဘောတွေ များတယ်။ တကယ့် ကိုယ့်လူမျိုးရဲ့ သမိုင်းအကြောင်းကို လည်း သေသေချာချာ မပြောဘူး။ သူတို့ရဲ့ (စစ်အစိုးရ) အခြေခံဥပဒေ အကြောင်းတွေကိုပဲ ဟောကြားလေ့ရှိတယ်” ဟု ပြောသည်။

ကယားဒေးပွဲအား ဇန်နဝါရီလ ၁၀ ရက်နေ့မှ စ၍ ၁၆ ရက်နေ့တိုင် လွိုင်ကော်မြို့၊ ချစ်ကယ်ရပ်ကွက်ရှိ ကျောင်းသားအားကစားဝင်းကြီး၌ ကျင်းပပြီး ကယားပြည်နယ်နေ့ကို ၁၉၅၂ ခုနှစ်၌စတင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ကယားဒေးပွဲကို ဇန်နဝါရီလ ၁၅ ရက် ကျရောက် တိုင်း နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိသည်။

Most read this week