ပတ်စ်ပို့ မလုပ်လျှင် အလုပ် လုပ်ခွင့်သက်တမ်း တိုးပေးမည်မဟုတ်

ပတ်စ်ပို့ မလုပ်လျှင် အလုပ် လုပ်ခွင့်သက်တမ်း တိုးပေးမည်မဟုတ်
by -
ကျော်ခ
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာလုပ်သားများအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ပြုလုပ်ရန် လိုအပ်သည့်ပုံစံများ ဖြည့်စွက်တင်သွင်းခြင်း မရှိပါက အလုပ်လုပ်ခွင့် သက်တမ်း တိုးပေးမည်...

ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာလုပ်သားများအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ပြုလုပ်ရန် လိုအပ်သည့်ပုံစံများ ဖြည့်စွက်တင်သွင်းခြင်း မရှိပါက အလုပ်လုပ်ခွင့် သက်တမ်း တိုးပေးမည် မဟုတ်ကြောင်း သိရသည်။

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် ပထမအဆင့်အနေဖြင့် ထိုင်းအစိုးရက ထုတ်ပေးသည့် ပုံစံများကို ဖြည့်စွက်၍ သက်ဆိုင်ရာ ထိုင်းမြို့နယ်ရုံးများတွင် လာမည့်လ ၂၈ ရက်နေ့ နောက်ဆုံးထားကာ တင်သွင်းရန် လိုအပ်သည်ဟု သိရသည်။

သတ်မှတ်ရက်အတွင်း ပုံစံတင်ထားသူများကိုသာ ထိုင်းနိုင်ငံအတွင်း ထော်ရော် ၃၈/၁ (နေထိုင်ခွင့်) နှင့် အလုပ်လုပ်ခွင့် လက်မှတ် (ဘတ်) သက်တမ်းတိုးပေးမည်ဟု ထိုင်းအလုပ်သမားရေးရာ ဝန်ကြီးဌာန အတွင်းရေးမှူးချုပ် Mr. Somchai Chumrat က ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က စာထုတ်၍ အလုပ်သမားရေးရာ အဖွဲ့အစည်းများသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“ဖောင်မတင်ရင် (၁) အလုပ်သမားဝန်ကြီးဌာနမှာ ရှိပြီးသားစာရင်းအရ သက်တမ်းတိုးပေးတဲ့အခါ စာရင်းပါလာမှာ မဟုတ်တော့ဘူး။ (၂) အလုပ်ပြုတ်မယ်။ (၃) အဖမ်းခံရပြီး ပြန်ပို့ခံရမယ်။ အချိန် စောင့်ရတာကတပိုင်း ဖောင် (ပုံစံ) တင်ထားတာနဲ့ သက်တမ်းတိုးပေးမှာ” ဟု အဝေးရောက် ညွှန်ပေါင်းအစိုးရ NCGUB မှ ရွှေ့ပြောင်း အလုပ်သမားရေးရာ ဌာန တာဝန်ခံ ကိုသက်ခိုင်က မဇ္စျိမကို ပြောသည်။

မြန်မာအလုပ်သမား ပုံစံဖြည့်စွက်တင်ထားသူ ဦးရေ ၈ သောင်းခန့်ရှိပြီး မြန်မာအစိုးရမှတဆင့် နိုင်ငံသားအဖြစ် ထောက်ခံပြီး ပြန်ပို့်လာသူ ဦးရေမှာ ၆ ထောင်ခန့်သာ ရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။

တနင်္သာရီတိုင်း ကော့သောင်းမြို့ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးက ယနေ့ထိ ၄၄၈၂ ဦးကို ထုတ်ပေးပြီးဖြစ်ကြောင်း ယင်းရုံးမှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

မြဝတီနှင့် တာချီလိတ်မြို့တို့မှ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပါ။ သို့သော် ယင်း ၃ နေရာ လုံးတွင် လက်မှတ်လုပ်ပြီးသူ ၈ဝဝဝ ဦး ကျော်ပြီဖြစ်ကြောင်း ကော့သောင်းရုံးက ပြီးခဲ့သည့်လ ၂၇ ရက်နေ့တွင် မဇ္စျိမကို ဖြေကြားခဲ့သည်။

ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန် ပုံစံများကို ထိုင်းနိုင်ငံတွင်း သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးများနှင့် ကိုယ်စားလှယ် (Agent) ရုံးများတွင် သွားရောက်ဖြည့်စွက် နိုင်ကြပြီး ကိုယ်တိုင် သို့မဟုတ် အလုပ်ရှင်မှ တဆင့်လည်း ဖြည့်စွက် တင်သွင်းနိုင်သည်။

ဖြည့်စွက်ပြီးသော ပုံစံများကို သက်ဆိုင်ရာမြို့နယ် အလုပ်သမားရုံးမှ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ မြန်မာသံရုံးနှင့် ထိုမှတဆင့် မြန်မာအစိုးရသို့ ရောက်ရှိမည်ဖြစ်ပြီး နိုင်ငံသားဟုတ်မဟုတ် စစ်ဆေးပြီးမှ ယာယီပတ်စ်ပို့ ပြုလုပ်နိုင်သည့် လူစာရင်းကို ထိုင်းနိုင်ငံသို့ ပြန်ပို့မည်ဖြစ်သည်။

၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ထိုင်းဝန်ကြီးများ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ၊ ဖေဖေါ်ဝါရီလနှင့် မတ်လ သို့မဟုတ် ဇွန်လတွင် အလုပ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးသော ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်သက်တမ်း တိုးမြှင့်ခြင်းကို ယခုနှစ် ဖေဖော်ဝါရီလ  ၂၈ ရက်နေ့အထိ ခွင့်ပြု ခဲ့ခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင်နှင့် တရားဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမားဦးရေ ၂ သန်းခန့်ရှိကြောင်း မြန်မာ အလုပ်သမားရေးရာ အဖွဲ့များက ခန့်မှန်းကြသည်။